၂၀၂၀  ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ အသင်း ၂၅ သင်း ပါဝင်ယှဉ်ပြိုင်မည်

၂၀၂၀  ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ အသင်း ၂၅ သင်း ပါဝင်ယှဉ်ပြိုင်မည်
Photo: MNL

မတ်လ ၁၂

၂၀၂၀  ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိင်ပွဲကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်ကလပ်အသင်း ၁၂ သင်း၊ MPT မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် အသင်း ၈ သင်းနှင့် ပထမဆုံးအကြိမ်ပါဝင်ကြမည့်  အပျော်တမ်းအသင်း (၅) သင်း စုစုပေါင်း ၂၅ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

အပျော်တမ်းအသင်းများ ပါဝင်လာသည့် ပထမအဆင့်ကို ဧပြီလ ၈၊ ၉ ရက်များတွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါအဆင့်တွင် အပျော်တမ်း(၅)သင်းနှင့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် -၂ ပြိုင်ပွဲ၌ အဆင့်(၃) မှ အဆင့် (၇) အတွင်း ရပ်တည်ခဲ့သည့် အသင်းများဖြစ်သည့် မြဝတီအက်ဖ်စီ၊ ယူနီဗာစတီအက်ဖ်စီ၊ ငွေကြယ်ပွင့်လေးများ၊ ကချင်ယူနိုက်တက်၊ မောရဝတီအက်ဖ်စီအသင်းတို့ အပါအဝင် အသင်းသစ်နှစ်သင်းဖြစ်သည့် ယောမြေအက်ဖ်စီနှင့် Junior Lions အသင်းတို့ ပါဝင်မည်ဖြစ်သည်။

ထို့နောက် ဒုတိယအဆင့်မှ တက်ရောက်လာသည့် အသင်းများသည် ရတနာပုံအက်ဖ်စီ၊ ဟံသာဝတီယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်နှင့် တတိယအဆင့်ကို ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၊ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့မှာ ကွာတားဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇာတ်ရှိန်ပိုမို မြှင့်တက်လာမည်ဖြစ်သည့် ဆီမီးဖိုင်နယ်အဆင့်ကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အပျော်တမ်းအသင်း ၅ သင်းမှာ  ပေါင်းလောင်းအက်ဖ်စီ (We Are One Cup 2019 Champion) ၊ Happy Friendship FC (Yangon League Champion) ၊  10/Mon FC (1st Runner-Up / Yangon League) ၊ ရန်ကုန်ပရီးမီးယားလိဂ်ချန်ပီယံ (အဖြေမပေါ်သေး)၊  Play-Off (ဇီးကုန်းအက်ဖ်စီနှင့် ရွှေပြည်သာအက်ဖ်စီ) ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းတို့မှ အသင်းများက ပါဝင်ယှဉ်ပြိုင်ကြမည်။

ယှဉ်ပြိုင်ကြမည့် ပွဲစဉ်များ ကို ဧပြီလ ၈ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်အနေထိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်းတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသည့် ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသည့် အနေဖြင့် ၂၀၁၅ ခုနှစ်မှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly