ဆန်သယ်ယူရေး ပလက်၀ အခြေအနေကို တစ်ပတ်စောင့်ကြည့်ပြီးမှ လုပ်ဆောင်မည်

ဆန်သယ်ယူရေး ပလက်၀ အခြေအနေကို တစ်ပတ်စောင့်ကြည့်ပြီးမှ လုပ်ဆောင်မည်
 ပုံ- စားနပ်ရိက္ခာများ သယ်နေသော ပလက်ဝမြို့နယ်၊ ရှင်းလက်ဝမှ တိုက်ပွဲရှောင် ကလေးငယ်များ(ပုံ-ချစ်မင်းထွန်း)

ရန်ကုန်၊ မတ်လ ၁၂။                ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွက် စားနပ်ရိက္ခာ သယ်ယူရေးနှင့်ပတ်သက်ပြီး တပ်မတော်နှင့် AA ကြား  တိုက်ပွဲ အခြေအနေများကို တစ်ပတ်စောင့်ကြည့်ပြီးမှသာ ဒေသတွင်း ရိက္ခာ သယ်ယူရေး လုပ်ဆောင်မည် ဖြစ်ကြောင်း ပလက်၀ မြို့နယ် စားနပ်ရိက္ခာသယ်ယူရေး ကော်မတီမှ ဦးစိန်ထွန်းလှက ပြောသည်။

ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေး ပြတ်တောက်နေပြီး စားနပ်ရိက္ခာ သယ်ယူရေး လုပ်ဆောင်၍မရသည်မှာ တစ်လနှင့် ခြောက်ရက် ကြာမြင့်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးစိန်ထွန်းလှက “ကျွန်တော်တို့ ဒီနေ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သွားပြီး တိုင်ပင်တယ်။ တိုက်ပွဲ အခြေအနေကို တစ်ပတ် လောက် စောင့်ကြည့်ပြီးမှ ဆန်သယ်ယူဖို့ ဆုံးဖြတ်လိုက်ကြတယ်”ဟု ဆိုသည်။

စားနပ်ရိက္ခာ ပြတ်လပ်မှုများဖြင့် ရင်ဆိုင်နေရသော ပလက်ဝမြို့နယ်သို့ စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်နိုင်ရေး အတွက် ပလက်ဝမြို့ရှိ ဘာသာရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ အမျိုးသမီးနှင့် လူငယ် အဖွဲ့အစည်းများ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်က အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကြပြီး အများသဘောတူညီချက်အရ ချင်းနှင့်ရခိုင် လူမျိုးများ ပါဝင်သည့် ပြည်သူလူထုအားဖြင့် စားနပ်ရိက္ခာသယ်ယူကြရန် ဆုံးဖြတ်ခဲ့ ကြကြောင်း သိရသည်။

ထို့နောက် ယနေ့(မတ်လ ၁၂ ရက်)က ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပလက်ဝမြို့နယ် စားနပ်ရိက္ခာ သယ်ယူရေး ကော်မတီဝင်များ တွေ့ဆုံ ဆွေးနွေးစဉ် အစိုးရ၏ စီစဉ်ညွှန်ကြားမှုဖြင့်သာ သယ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း ပလက်ဝမြို့နယ် စားနပ်ရိက္ခာသယ်ယူရေး ကော်မတီမှ ဦးစိန်ထွန်းလှက ဆိုသည်။

ပလက်ဝမြို့နယ် စားနပ်ရိက္ခာ သယ်ယူရေးကော်မတီမှ ဦးစံမြကလည်း ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက် (၄)ရပ်ကွက် အပါအဝင် ကျေးရွာ အတော်များများတွင် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပေါ်နေသကဲ့သို့ ကုန်ဈေးနှုန်း ကြီး မြှင့်စွာ ဝယ်ယူစားသုံးနေကြရကြောင်း ပြောသည်။

ပလက်ဝမြို့နယ် စားနပ်ရိက္ခာ သယ်ယူရေးကော်မတီမှ ဦးစံမြက “မြို့ပေါ်မှာက ဆန်က မရှိတော့ဘူး၊ ဝယ်လို့လည်း မရ တော့ဘူး။ မြို့ပေါ်က လက်လုပ်လက်စားနဲ့ ဝန်ထမ်းတွေ များတယ်။ ရွာတွေက အသီးအရွက်တွေ ပြုတ်စားလို့ ရသေး တယ်။ ဒီမှာက ရှိသမျှ အကုန်ကုန်နေပြီ။ ခေါက်ဆွဲခြောက်က အစ ဝယ်စားဖို့ မရှိတော့ဘူး”ဟု ပြောသည်။

လက်ရှိ ပလက်ဝမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်မှ ၁၆၀၀၀၀ ကျပ်ကြား ရှိနေပြီး ဆန်ဆိုင်များ ပိတ်သိမ်း သည့်အတွက် အချင်းချင်း မျှဝေရောင်းချခြင်းသာ လုပ်ဆောင်နေရကြောင်း ၎င်းက ဆိုသည်။

အလားတူပင် ကြက်သွန်တစ်ပိဿာ ၇၀၀၀ ကျပ်၊ ကြက်ဥသုံးလုံး ၁၀၀၀ ကျပ်အထိ ရှိနေပြီး တခြားသော ကုန်ပစ္စည်းများ အားလုံး၏ ဈေးနှုန်းများမှာလည်း သုံးဆမက တက်နေပြီဖြစ်ကြောင်း ပလက်ဝမြို့နယ် စားနပ်ရိက္ခာ သယ်ယူရေးကော်မတီ မှ သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ မီးချောင်း ပတ်ဝန်းကျင်နှင့် မုန်းပန်းပင်ရွာ အပါအဝင်  ကျောက်တန်းရွာ၊ တင်းမရွာ စသည့် နေရာများမှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း AA ဘက်က ပြောသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အမှီပြုကာ ဒေသတွင်း စားနပ်ရိက္ခာများ ဝယ်ယူ ရောင်းချကာ ကုန်သွယ် စီးဆင်းမှု လုပ်နေရသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စားနပ်ရိက္ခာများ ပြတ်လပ်မှုများ ကြုံတွေ့ လာသလို စားနပ်ရိက္ခာများ ပေးပို့ရန်လည်း အခက်ကြုံနေခြင်း ဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ယနေ့ချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲရှောင် (၁)သိန်းကျော် ရှိလာကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly