အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာကို မတ်လ ၁၃ ရက်ကစပြီး ဆိုင်းငံ့မည်

အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာကို မတ်လ ၁၃ ရက်ကစပြီး ဆိုင်းငံ့မည်
ပုံ- အိန္ဒိယနိုင်ငံက လေဆိပ်တစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အပူချိန်တိုင်းတာနေစဉ် (ပုံ-ABP News)

ရန်ကုန်၊ မတ်လ ၁၂။        ။ သံတမန်ဗီဇာ၊ အစိုးရ အရာရှိ ဗီဇာ၊ ကုလသမဂ္ဂ / အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းခွင်ဗီဇာ၊ စီမံကိန်း ဗီဇာမှလွဲ၍ ကျန်ရှိသည့် အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာများ အားလုံးအပြင် ဗီဇာမဲ့ ခရီးသွားလာခွင့်ကိုပါ မတ်လ ၁၃ ရက်ကစပြီး  ဧပြီလ ၁၅ ရက်အထိ ဆိုင်းငံ့လိုက်ကြောင်း အိန္ဒိယနိုင်ငံအစိုးရမှ မတ်လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ဆိုင်းငံ့မှုသည် မတ်လ ၁၃ ရက်၊ ဂရင်းနစ်စံတော်ချိန် ၁၂ဝဝ တွင် ထွက်ခွာ မည့် ဆိပ်ကမ်း၊ လေဆိပ်များတွင် စတင် အကြုံးဝင်မည်ဖြစ်ရာ ခိုင်လုံသော အကြောင်းပြချက်ဖြင့် အိန္ဒိယနိုင်ငံ သို့ သွားလိုပါက နီးစပ်ရာ အိန္ဒိယသံရုံးကို ဆက်သွယ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ ကျန်းမာရေးနှင့် မိသားစု လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ဝန်ကြီးများအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးတွင် COVID-19 ရောဂါအတွက် အိန္ဒိယနိုင်ငံတွင် ကြိုတင် ကာကွယ် ရေး အစီအမံများ၊ အရေးယူ ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ခရီးသွား လာရေးဆိုင်ရာ အကြံပြုချက်များ ချမှတ်ခဲ့ကြသည်။

တရုတ်၊ အီတလီ၊ အီရန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ပြင်သစ်၊ စပိန် နှင့် ဂျာမနီနိုင်ငံများမှ လာရောက်သူ သို့မဟုတ် ထိုနိုင်ငံများသို့ ခရီးသွားခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ဝင်လာသည့် ခရီးသွားများ အားလုံးကို အနည်းဆုံး (၁၄) ရက်ကြာ စောင့်ကြည့်ကာလအဖြစ် သတ်မှတ် စောင့်ကြည့်မည်ဖြစ်ပြီး ရောဂါမရှိကြောင်း စမ်းသပ် စစ်ဆေးခံပြီး သူများကို သာ ခရီးသွားခွင့် ပြုမည်ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်ပရှိ အိန္ဒိယနိုင်ငံသားများ အားလုံးအနေဖြင့် မလိုအပ်ဘဲ အိန္ဒိယသို့ ဝင်ရောက် ခရီးသွားခြင်းကို ရှောင်ရှားရန်လည်း အကြံပြုထားသည်။

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ မတွေ့ရှိရ သေးသော်လည်း မတ်လ ၁၂ ရက် မနက် သတင်းများအရ COVID-19 ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူပေါင်း ၄၆၃၇ ဦးနှင့် ရောဂါ ကူးစက်ခံရ သူပေါင်း ၁၂၆၂၅၄ ဦးအထိ ရှိနေပြီ ဖြစ်သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဖြစ်သော တမူး-မိုးရေးနယ်စပ်ဂိတ်ကို ၂၀၂၀ ခုနှစ်၊မတ်လ ၁၀ ရက်က ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်သည့်အတွက် ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။

 ရောဂါ ကူးစက်ခံရသူနှင့် သေဆုံးသူ များစွာရှိလာပြီး ကူးစက်ပျံ့နှံ့မှု မြန်ဆန်နေသည့် COVID-19 ရောဂါကို WHO ကလည်း ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့တွင် သတ်မှတ် လိုက်ပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly