အနောက်ဖက်ကမ်းမှာ အစ္စရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့မှုအတွင်း ပါလက်စတိုင်း လူငယ်တစ်ဦး ပစ်သတ်ခံရ

အနောက်ဖက်ကမ်းမှာ အစ္စရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့မှုအတွင်း ပါလက်စတိုင်း လူငယ်တစ်ဦး ပစ်သတ်ခံရ

မတ်လ ၁၂။         ။ သိမ်းပိုက်ခံ အနောက်ဖက်ကမ်းက နာဘလု့စ် မြို့မှာ ပါလက်စတိုင်းလူငယ်တွေနဲ့ အစ္စရေးတပ်ဖွဲ့တွေ ဗုဒ္ဓဟူးနေ့က ထိပ်တိုက်တွေ့ကြရာမှာ ပါလက်စတိုင်းလူငယ်တစ်ဦး ပစ်ခတ်ခံရကာ သေဆုံးတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ထိပ်တိုက်တွေ့မှုတွေမှာ အစ္စရေးတပ်တွေက တုံ့ပြန်ရင်း ပါလက်စတိုင်းတွေဖက်ကို မျည်ရည်ယိုဓာတ်ငွေ့တွေ ပစ်လွှတ်ကြပါတယ်။

အစ္စရေး အခြေစိုက်သူတွေ ရောက်လာကြပြီး မြေယာအချို့ကို ကျုးကျော်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းကြောင့် ပါလက်စတိုင်း ရာပေါင်းများစွာ စုရုံးခဲ့ကြတယ်လို့ အခင်းဖြစ်ရာဆီ ရောက်ရှိနေတဲ့ အေအက်ဖ်ပီ သတင်းထောက် က ပြောပါတယ်။

အခု ပစ်ခတ်ခံရလို့ သေဆုံးတဲ့ ပါလက်စတိုင်း ဆယ်ကျော်သက်ဟာ အသက် ၁၅ နှစ်သာ ရှိသေးတဲ့ မိုဟာမတ်ဟာမာယယ်ဆိုသူဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

အစ္စရေးရဲ့ ကျုးကျော်မှုမှာ ကျည်အစစ်သုံး ပစ်ခတ်တာကြောင့် မျက်နှာကို ထိမှန်ပြီး သေဆုံးတာလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိပ်တိုက်တွေ့မှုဟာ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက ဖြစ်ပြီး အစ္စရေးစစ်တပ်က မျည်ရယ်ယိုဓာတ်ငွေ့တွေ၊ ကျည်အစစ်နဲ့ ရာဘာကျည်တွေ သုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

ပါလက်စတိုင်းပြည်သူ ၅၀၀ လောက်ဟာ ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး ကားတာယာတွေ မီးရှို့ပစ်သွင်းတာတွေနဲ့အတူ ဆူပူအကြမ်းဖက်ကြတာလို့ အစ္စရေး စစ်တပ်ဖက်က ပြောပါတယ်။

“ပါလက်စတိုင်း တစ်ဦး သေဆုံးပြီး အချို့ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သတိထားစောင့်ကြည့်နေပါတယ်။ ဒီ မတော်တဆ ဖြစ်ရပ်ကို ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်။”လို့ အစ္စရေး စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags