တစ်နိုင်ငံလုံးရှိ စက်ရုံပေါင်း ၂၀ခန့်ပိတ်သိမ်းဖွယ်ရှိနေသည်ဟုဆို

တစ်နိုင်ငံလုံးရှိ စက်ရုံပေါင်း ၂၀ခန့်ပိတ်သိမ်းဖွယ်ရှိနေသည်ဟုဆို

နေပြည်တော်၊ မတ်လ ၁၂။                      ။ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးတွင် ရပ်နားရတော့မည့် စက်ရုံပေါင်း ၂၀ခန့်ရှိနေကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(MICS)မှ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကပြောသည်။

မတ်လ ၁၁ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီ၏ ပထမအကြိမ်ညှိုနှိုင်းအစည်း အဝေးခေတ္တရပ်နားချိန်တွင် မီဒီယာများကိုပြောကြားခဲခြင်းဖြစ်သည်။

“တစ်နိုင်ငံလုံး အတာအနေနဲ့ ခြုံပြောရမယ်ဆိုရင်တော့ အလုပ်သမား ၈၀၀၀လောက်ကတော့ အလုပ်လက်မဲ့ဖြစ်နေတဲ့အနေအထားမှာရှိတယ်။ နောက်စက်ရုံဆိုလို့ ရှိရင်တော့ ၁၃ရုံလောက် ပိတ်တယ်။ ဒါပေမယ့် ဒီအလုပ် သမားဝန်ကြီးဌာနရဲ့ တင်ပြလာတဲ့စာရင်းဇယားအရဆိုရင်တော့ ရုံ၂၀လောက်အထိပိတ်ဖို့ရှိနေတယ်ဆိုတာလေး ကျွန်တော်တို့သိထားရပါတယ်” ဟု ၎င်းကပြောသည်။

အဓိက ပိတ်သိမ်းရမည့်စက်ရုံများသည် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မှ စက်ရုံများနှင့် လှိုင်သာယာ ၊ ရွှေပြည်သာမှ စက်ရုံများဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၉ခုနှစ်တွင်းက အလုပ်သမားများဆန္ဒပြမှုများကြောင့် ဝယ်ယူသူများ အခက်အခဲရှိသဖြင့် စက်ရုံသုံးရုံခန့် ပိတ်သိမ်းထားရသည်။

လက်ရှိပိတ်သိမ်းသည့် စက်ရုံများသည် မြေပိုင်ရှင်မှ ဆက်လက်ငှားရမ်းမှုမရှိခြင်း၊ အရှုံးပေါ်ခြင်း နှင့် ကုန်ကြမ်းပြတ်လပ်ခြင်းများ စသည့် အကြောင်းပြချက်များဖြင့် ပိတ်သိမ်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။ ပိတ်သိမ်းမည့်စက်ရုံအရေအတွက် ၁၄ ရုံထိ ရှိသည်ဟု သိထားကြောင်းလည်း သူမကဆိုသည်။

“ ဒီ ၁၄ ရုံ လက်ဝါးစက်ရုံ ဆက်ပြီးတော့ လည်ပတ်နေသေးတယ်။ ဒါပေမယ့် လို့တော့ သူတို့ ပိတ်သိမ်းဖို့တော့ အစ်မတို့ရဲ့ အလုပ်သမားဌာနတွေမှာ တင်ပြ ထားပြီးဖြစ်ပါတယ်။ ဒါကဥပဒေအရ ပိတ်သိမ်းခြင်းတွေကို အစ်မတို့ တိုင်းဒေသကြီးပြည်နယ် အစိုးရ ပြည်ထောင်စုအစိုးရအပါအဝင် တိုင်းဒေသကြီးပြည်နယ်အစိုးရ အားလုံးက ဥပဒေနဲ့ ပိတ်သိမ်းတာတွေကို အစ်မတို့က ဥပဒေနဲ့ လက်ခံသွားရမှာဖြစ်ပါတယ်” ဟု ဒေါ်မိုးမိုးစုကြည် ကပြော သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်ရုံ နှစ်ရုံသည် အလုပ်သမားများကို လုပ်ခလစာ မရှင်းဘဲ ထွက်ပြေးသွားသည့်အတွက် အဆိုပါ လုပ်ငန်းရှင် နှစ်ဦးပိုင်ဆိုင်သည့် စက်ရုံများမှ ပစ္စည်းများကို ထုခွဲရောင်းချပြီး လုပ်ခ လစာများကို ပေးချေရန် စီစဉ်နေကြောင်း ဒေါ်မိုးမိုးစုကြည်က ဆက်လက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly