ရုရှလေယာဉ် အကူအညီလှမ်းတောင်းခြင်းမရှိဘဲ ပျက်ကျခြင်းဖြစ်၊ လိုက်ပါသူ ၂၂၄ ဦးစလုံးသေဆုံး

ရုရှလေယာဉ် အကူအညီလှမ်းတောင်းခြင်းမရှိဘဲ ပျက်ကျခြင်းဖြစ်၊ လိုက်ပါသူ ၂၂၄ ဦးစလုံးသေဆုံး

အီဂျစ် ဆိုင်းနိုင်းကျွန်းတွင် ပျက်ကျခဲ့သည့် ရုရှခရီးသည်တင်လေယာဉ်သည် မပျက်ကျမီ အကူအညီလှမ်းတောင်းခြင်းမရှိပဲ ပျက်ကျသွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါသူ ၂၂၄ ဦးစလုံး သေဆုံးကြောင်း အီဂျစ်လေကြောင်းဆိုင်ရာဝန်ကြီးက ပြောသည်။

အီဂျစ်မှ ကနဦးရရှိသည့် သတင်းများအရ ကိုဂယ်လီမာဗီယာလေကြောင်းလိုင်းမှ ယင်းလေယာဉ် လေယာဉ်မှူးက အရေးပေါ်ဆင်းသက်ရေး လှမ်းအကူအညီတောင်းခဲ့သည်ဟု ဖော်ပြသည်။

သို့သော် လေယာဉ်တွင် ပြဿနာတစ်စုံတစ်ရာတက်သည့် ခေါ်ဆိုမှုမျိုး လုံးဝမရှိခဲ့ကြောင်း ဝန်ကြီးဟိုဆမ်ကာမယ်ကပြောသည်။

ဆိုင်းနိုင်းရှိ အိုင်အက်စ်အဖွဲ့၏ မဟာမိတ်အဖွဲ့တစ်ဖွဲ့က ယင်းလေယာဉ်ကို ၎င်းတို့ပစ်ချလိုက်ခြင်းဖြစ်သည်ဟု ကြေညာခြင်းအား အီဂျစ်နှင့် ရုရှနှစ်နိုင်ငံစလုံးက လက်မခံအရေးမထားပဲရှိသည်။

Airbus A-321 လေယာဉ်က အောက်တိုကဘာ ၃၁ ရက်တွင် ရုရှနိုင်ငံ စိန့်ပီတာစဘတ်သို့ ဦးတည်ပျံသန်းစဉ် အီဂျစ်ရှိ ရှမ်အယ်ရှိတ်မှ ပျံတက်ပြီး မကြာမီ အချိန်လေးတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပေါ် ကလေးငယ် ၂၅ ဦးအပါအဝင် ခရီးသည် ၂၁၇ ဦးနှင့် အမှုထမ်း ခုနစ်ဦး လိုက်ပါခဲ့ကြောင်း ရုရှအာဏာပိုင်များက ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly