မြန်မာ- အိန္ဒိယနယ်စပ်ဂိတ် ပိတ်၍ မြိတ်ဒေသထွက် ကွမ်းသီးများ တင်ပို့ရန် အခက်အခဲ ဖြစ်နေ

မြန်မာ- အိန္ဒိယနယ်စပ်ဂိတ် ပိတ်၍ မြိတ်ဒေသထွက် ကွမ်းသီးများ တင်ပို့ရန် အခက်အခဲ ဖြစ်နေ
ပုံ- ကွမ်းသီးများ နေလှန်နေခြင်း (ပုံ- ဒီမိုးသွေး(မြိတ်)

မြိတ်၊ မတ် (၁၁)။                ။ မြန်မာ- အိန္ဒိယနယ်စပ် နှစ်နိုင်ငံ အဝင်အထွက် တမူး- မိုးရေး စစ်ဆေးရေးဂိတ် ပိတ်လိုက်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသထွက် ကွမ်းသီးများ တင်ပို့ရန် အခက်အခဲများ ဖြစ်နေကြောင်း မြိတ်အခြေစိုက် ကွမ်းသီး အဝယ်ဒိုင် လုပ်ငန်းရှင် များထံမှ သိရသည်။

မြန်မာနိုင်ငံမှာ ကွမ်းသီးစိုက် တောင်သူနှင့် ကွမ်းသီးအထွက် အများဆုံးဒေသမှာ တနင်္သာရီတိုင်းဒေသကြီး ဖြစ်ပြီး၊ ထို ဒေသမှ ကွမ်းသီးများကို ပြည်တွင်း စားသုံးမှုထက် အိန္ဒိယ နိုင်ငံသို့  အဓိကထား၍ တင်ပို့နေရာ တမူး-မိုးရေး နယ်စပ် ဂိတ် ကို  မတ်လ ၁၀ ရက်က အိန္ဒိယဘက်မှ ပိတ်လိုက်ရာ ကွမ်းသီး အဝယ်ဒိုင်များနှင့် တောင်သူများ ထိခိုက် နစ်နာမှုများ ရှိလာ မည်ကို စိုးရိမ်နေကြောင်း သိရသည်။

မြိတ်ခရိုင် ကွမ်းသီး အရောင်း/ဝယ် လုပ်ငန်းရှင် ဒုဥက္ကဋ္ဌ ဦးကျော်မင်းဆွေက“ဒီနှစ်က တနင်္သာရီတိုင်းမှာ ကွမ်းသီး အထွက် နှုန်း လျော့ကျနေတယ်၊ နောက်ပြီး အခုရက်ပိုင်းမှာ နယ်စပ်ဂိတ်ကို ပိတ်ထားတော့ ကွမ်းသီးဈေး တွေ ထိုးကျလာတယ်၊ ဒါ့အပြင် တင်ပို့မှုက အခက်အခဲ ရှိနေတော့ အဝယ် ရပ်နားရဖို့ အခြေအနေ ဆိုက်နေတယ်”ဟု ပြောသည်။

မြိတ်ဒေသထွက် ကွမ်းသီးများကို ရန်ကုန်မှ တဆင့် အိန္ဒိယ နယ်စပ်ဂိတ်သို့ ဂုန်နီအိတ် အလုံးရေ ၁ သောင်းနီးပါး အထိ လစဉ် တင်ပို့ နေကြောင်း သိရသည်။

မြိတ်ဒေသထွက် ကွမ်းသီးများကို တမူးနယ်စပ်ဂိတ်မှ တဆင့် အများဆုံး တင်ပို့ကြောင်း ကွမ်းသီး အဝယ်ဒိုင် လုပ်ငန်းရှင် များ ထံမှ သိရသည်။

ပုံ- ကွမ်းသီးများ နေလှန်နေခြင်း (ပုံ- ဒီမိုးသွေး(မြိတ်)

၆၅ ပိတ်သာပါ ကွမ်းသီး တစ်အိတ်ကို လစဉ် အိတ်ရေ ၃ သောင်းကျော်အထိ မြိတ်ခရိုင် တစ်ခရိုင်လုံးမှ ရန်ကုန်ပွဲရုံးကို တင်ပို့နေပြီး၊ ၂၀၁၉ -၂၀၂၀ ခုနှစ်မှာ တစ်နှစ်လုံး အိတ်ရေ ၂၇၀၀၀၀ မှ ၃၀၀၀၀၀ အထိ တင်ပို့နေကြောင်း သိရသည်။

မြိတ်ခရိုင် ကွမ်းသီး လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမြင့်အေးက “လအလိုက် နှစ်အလိုက် ကွမ်းသီး တင်ပို့နေတဲ့ ကုန်သွယ်ခွန် အနေနဲ့ကတော့ နည်းနည်း ပြောရခက်ပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ကုန်သွယ်တွေက နယ်စပ်ကို တိုက်ရိုက် တင်ပို့တဲ့ သူရှိသလို ပွဲရုံကနေ သွားတဲ့ သူတွေလည်းရှိတော့ အတိ အကျ မပြောနိုင်ပါဘူး”ဟု ပြောသည်။

မြိတ်ဒေသထွက် ကွမ်းသီးများကို ပြည်တွင်း စားသုံးမှုနှင့် ရန်ကုန်ပွဲရုံးများမှ တဆင့် ပြည်ပသို့ Exports တင်ပို့မှုများ ကြောင်း သိရသည်။

မြိတ်မြို့၊ ထားဝယ်စုရပ်ကွက်ရှိ နဂါးညီနောင် ကွမ်းသီးနှင့် သီဟိုဋ်ဆံ အထွေထွေ ရောင်းဝယ်ရေးမှ ကိုညီညီက “ဒီနှစ်ကတော့ အဓီကက Exports ထွက်ကုန်ပေါ့ ကွမ်းသီးတွေကို အိန္ဒိယနိုင်ငံကို တင်ပို့နေတာ နယ်စပ်ဂိတ်ကို ပိတ်လိုက်တော့ လုပ်ငန်းရှင်တွေရော တောင်သူတွေပါ တော်တော်လေး အထိနာ နေပါတယ်၊ နောက်ပြီး ကွမ်းသီး ဈေးကွက်တွေလည်း တဖြည်းဖြည်း ကျဆင်းလာတယ်”လို့ ပြောသည်။

တမူး-မိုးရေး နယ်စပ်ဂိတ်ကို ကိုရိုနာဗိုင်းရပ်စ် အခြေအနေ စိုးရိမ်သည့်အတွက် အိန္ဒိယဘက်က မတ်လ ၁၀ ရက်က စတင် ပိတ်ခဲ့ရာ မည်သည့် အချိန်ကာလအထိ ပိတ်မည်ကို မသိရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly