ဒီဂျစ်တယ် ငွေပေးချေမှုများကို ပိုမိုအသုံးပြုလာသည်နှင့် အမျှ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုအလားအလာ ကောင်းမွန်လာ

ဒီဂျစ်တယ် ငွေပေးချေမှုများကို ပိုမိုအသုံးပြုလာသည်နှင့် အမျှ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုအလားအလာ ကောင်းမွန်လာ

Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang ရေးသားသည်

မြန်မာနိုင်ငံသည် ဆယ်စုနှစ်တစ်ခုမပြည့်‌သေးသည့် အချိန်ကာလအတွင်းတွင်ပင် ကန့်သတ်ခံနေရမှုများ ရှိနေရာမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အကောင်းဆုံးနိုင်ငံများထဲတွင် ပါဝင်လာခဲ့သည်။ စီးပွားရေးဖြေလျှော့မှု မူဝါဒအသစ်များ၊ လူငယ်ပိုင်း လူဦးရေ များပြားလာမှု၊ တိုးပွားလာသော လူလတ်တန်းစား လူဦးရေတို့ကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ပြီးခဲ့သည့် နှစ်များအတွင်း ၆.၅ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်1 တွင် ၆.၈ ရာခိုင်နှုန်းအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် United Nations Capital Development Fund2 က ပြုလုပ်သော ငွေရေးကြေးရေး အလုံးစုံ ပါဝင်မှုဆိုင်ရာ လေ့လာချက်တစ်ရပ်အရ  အရှေ့တောင်အာရှတွင် သိသိသာသာ တိုးတက်လျက်ရှိသော စီးပွားရေးအခြေအနေကို ပိုင်ဆိုင်ထားသော နိုင်ငံတစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အရွယ်ရောက်ပြီးသည့် လူဦးရေ ထက်ဝက်ခန့် (၅၂ ရာခိုင်နှုန်း) သည် ဘဏ်များ၊ အခြားတရားဝင်ငွေကြေးအဖွဲ့အစည်းများထံမှ ငွေကြေးဝန်ဆောင်မှုများကို ကောင်းစွာ ရယူနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။ အဆိုပါ ပြည်သူလူထုအနေဖြင့် ငွေကြေးဝန်ဆောင်များ ရရှိနိုင်ရေး ကူညီပေးရန်အတွက် ၎င်းတို့၏ အမူအကျင့်များ၊ လက်ခံနားလည်မှုများ၊ သဘောထားများကို နားလည်ရန် အလွန် အရေးကြီးလာသည်။  

Visa အနေဖြင့် ဤအချက်ကို မှတ်သား၍ အသုံးပြုသူများအကြောင်း ပိုမိုနားလည်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်မှ စတင်၍ သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း လေ့လာဆန်းစစ်ချက် (လေ့လာဆန်းစစ်ချက်) ကို ပြုစုနေခဲ့သည်။ ကျွန်မတို့၏ လေ့လာဆန်းစစ်ချက်သည် ငွေပေးချေမှုနှင့် ထွက်ပေါ်လာသော ငွေပေးချေမှု နည်းလမ်းအသစ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားများ၏ လက်ခံနားလည်မှုများ၊ သဘောထားများနှင့် အမူအကျင့်များအကြောင်းကို တိကျနက်နဲစွာ လေ့လာသုံးသပ်ထားသော အစီရင်ခံစာတစ်ရပ် ဖြစ်သည်။ ဤသို့ပြုလုပ်ရသည့် အဓိက ရည်ရွယ်ချက်မှာ ငွေကြေးနယ်ပယ်အတွင်း သုံးစွဲသူများကို ပိုမိုအဆင်ပြေစေမည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ဖန်တီးနိုင်ရေး၊ စွဲသူများ၏ လိုအပ်ချက်များကို မှန်းဆရာတွင် အထောက်အကူပေးနိုင်ရန်ဖြစ်သည်။ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရ၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ အားလုံးကို ချိတ်ဆက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးစနစ်ပန်းတိုင်သို့ တက်လှမ်းသည့် အရှိန်အဟုန်ကို အထောက်အကူပေးနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။

Visa က နောက်ဆုံးပြုစုထားသော သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း လေ့လာဆန်းစစ်ချက်တွင် ငွေကြေးဆိုင်ရာ၊ ငွေပေးချေမှုဆိုင်ရာ အလေ့အထများ၊ သဘောထားများကို လေ့လာထားသည့် အရေအတွက် အခြေပြု ဆန်းစစ်ချက်နှင့် ယင်းဆန်းစစ်ချက်တွင် မပါဝင်သည့် ထူးခြားသော သုံးစွဲသူအစိတ်အပိုင်းများ၏ သဘောထားများကို ပိုမိုနက်နဲစွာ ဆန်းစစ်ထားသည့် အရည်အသွေးအသားပေး တွေ့ဆုံမေးမြန်းမှုများဟူ၍ အပိုင်းနှစ်ပိုင်းပါဝင်သည်။ ဤလေ့လာဆန်းစစ်ချက်မှ အဓိကကျသော တွေ့ရှိချက်များကို မျှဝေပေးခြင်းအားဖြင့် ငွေကြေးကဏ္ဍတွင်းရှိ သက်ဆိုင်သူများနှင့် ပြည်သူလူထုတို့က ဒီဂျစ်တယ်ငွေပေးချေမှုများ၏ အကျိုးကျေးဇူးများအကြောင်း၊ မြန်မာနိုင်ငံ၏ ကောင်းကျိုးအတွက် ၎င်းတို့ မည်သို့ အကူအညီပေးနိုင်မည့်အကြောင်းတို့ကို ဆွေးနွေးနိုင်လိမ့်မည်ဟု ကျွန်မတို့ မျှော်လင့်သည်။

ဘဏ်အကောင့်ဖွင့်ရန်၊ ငွေသားကိုင်တွယ်သုံးစွဲရန် မလိုသော ငွေပေးချေမှုနည်းလမ်းများကို အသုံးပြုရန် မြန်မာနိုင်ငံသားများ ပိုမိုစိတ်ဝင်စားလာကြ


1Asian Development Bank. Asian Development Outlook 2019 Update. https://www.adb.org/sites/default/files/publication/524596/ado2019-updat.... Accessed January 2020.
2United Nations Capital Development Fund. Making Access Possible Financial Inclusion Diagnostic Myanmar November 2018. http://www.uncdf.org/Download/AdminFileWithFilename?id=8674&cultureId=12.... Accessed January 2020.

လေ့လာဆန်းစစ်ချက်အရ ယခင်နှစ်တွင် ၃၄ ရာခိုင်နှုန်းသာ ကိုယ်ပိုင်ဘဏ်အကောင့်ရှိကြသည်ဟု ဆိုကြပြီး ယခုနှစ်တွင် ဖြေဆိုသူများ၏ ၄၁ ရာခိုင်နှုန်းသည် ကိုယ်ပိုင်ဘဏ်အကောင့်ရှိလာကြသည်ဟု ဆိုကြသည်။ ထို့အပြင် စစ်တမ်းဖြေဆိုသူများ၏ ၇၀ ရာခိုင်နှုန်းက လက်ရှိတွင် ဘဏ်အကောင့် မရှိသေးသော်လည်း အကောင့်ဖွင့်ရန် အစီအစဉ်ရှိသည်ဟု ဆိုထားသည်။

လေ့လာဆန်းစစ်ချက်အရ ကြိုတင်ငွေပေးချေကတ်များ၊ အကြွေးဝယ်ကတ်များကဲ့သို့ ငွေပေးချေကတ်များကို အသုံးပြုရန် စိတ်ဝင်စားမှုများ၊ အသုံးပြုမှုများ သိသာစွာ တိုးတက်လာသည်ကိုလည်း တွေ့ရသည်။  လက်ရှိတွင် ငွေပေးချေကတ်ကို လက်ရှိအသုံးပြုနေသည်၊ ပိုင်ဆိုင်သည်ဟု ဖြေကြားခဲ့သူမှာ ယခင်နှစ်က ၃ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ၂၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ ထို့အပြင် ယမန်နှစ်က ဖြေဆိုသူ ၁၀ ဦးတွင် ၂ ဦးထက် နည်းသည့် ပမာဏကသာ (၁၇ ရာခိုင်နှုန်း) သည် ငွေပေးချေကတ်ကို အသုံးပြုရန် အစီအစဉ်ရှိသည်ဟု ဆိုထားသော်လည်း ယခုနှစ်တွင်မူ ဖြေဆိုသူ ၁၀ ဦးတွင် ၇ ဦးက ငွေပေးချေကတ်ကို အသုံးပြုရန်ရှိသည်ဟု ဆိုထားသည်။

ငွေပေးချေမှုကတ်အသုံးပြုလိုသည့် ဖြေဆိုသူများ၏ အဓိကရည်ရွယ်ချက်များမှာ ၈၄ ရာခိုင်နှုန်းသော ဖြေဆိုသူများသည် 'ခေတ်နှင့် အညီဖြစ်ရန်' ဟု ဖြေဆိုကြပြီး နှင့် ၆၃ ရာခိုင်နှုန်းသော ဖြေဆိုသူများသည် 'ပို၍ ရိုးရှင်းသော ငွေပေးချေမှုပုံစံကို အသုံးပြုရန်' ဟု ဖြေဆိုကြသည်။ ကတ်ကိုင်ဆောင်ပါက ငွေသားကိုင်ဆောင်ရသည်ထက် ပို၍ လုံခြုံစိတ်ချရကာ  ငွေအကြွေပြဿနာများ မရှိသောကြောင့် ပို၍ သက်သောင့်သက်သာရှိသည်ဟု ဖြေဆိုသူများက ဆိုထားသည်။  

မြန်မာနိုင်ငံသားများသည် ဘဏ်များကို ပိုမိုယုံကြည်လာကြပြီး ငွေသားကိုင်တွယ်သုံးစွဲမှု မပြုဘဲ ငွေပေးချေမှုများ ပိုမိုပြုလုပ်လို

ဘဏ်များနှင့် ပတ်သတ်သော သဘောထားများ တိုးတက်ပြောင်းလဲလာကြသည်။ စစ်တမ်းဖြေဆိုသူ ၅ ဦးတွင် ၄ ဦး (၈၂ ရာခိုင်နှုန်း) က ဘဏ်များသည် လုံခြုံစိတ်ချရသည်ဟု ထင်မြင်ချက်ရှိကာ ယခင်နှစ်ကမူ ၆၈ ရာခိုင်နှုန်းသော ဖြေဆိုသူများကသာ ယင်းသို့ ထင်မြင်ချက်ရှိခဲ့ခြင်းဖြစ်သည်။ ၇၇ ရာခိုင်နှုန်းသော ဖြေဆိုသူများကမူ မိမိ၏ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှုအတွက် ဘဏ်များကို အသုံးပြုခြင်းသည် သက်သောင့်သက်သာရှိသော နည်းလမ်းဖြစ်သည်ဟု ဆိုထားကြသည်။

မြန်မာနိုင်ငံသားများသည် နိစ္စဓူဝ ငွေပေးချေမှုများအတွက် ငွေသားကို အဓိကထား အသုံးပြုကြသော်လည်း စစ်တမ်းဖြေဆိုသူများ၏ လေးပုံတစ်ပုံ (၂၆ ရာခိုင်နှုန်း) က ငွေသားကိုင်တွယ်သုံးစွဲမှု မပြုရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။ ဤလေ့လာဆန်းစစ်ချက်ထဲတွင် စိတ်အားတက်ဖွယ်ရာ တွေ့ရှိချက်များထဲမှ တစ်ခုမှာ လာမည့် ၁၅ နှစ် သို့မဟုတ် ယင်းထက်နည်းသည့်ကာလအတွင်း မြန်မာနိုင်ငံသည် ငွေသားကိုင်တွယ်အသုံးပြုခြင်းမရှိသည့် လူမှုပတ်ဝန်းကျင်းတစ်ခု ဖြစ်လာနိုင်သည့် အလားအလာကောင်းရှိသည်ဟု စစ်တမ်းဖြေဆိုခဲ့သူအားလုံးက ယုံကြည်ထားကြခြင်းပင်ဖြစ်သည်။

Contactless ငွေပေးချေမှုနည်းပညာအကြောင်း ပိုမိုသိရှိစိတ်ဝင်စားလာခြင်း   

မြန်မာနိုင်ငံတွင် ငွေသားကိုင်တွယ်သုံးစွဲရန် မလိုအပ်သည့် ငွေပေးချေမှုနည်းလမ်းများအနက်  ကျယ်ပြန့်စွာ အသုံးပြုလာသော ငွေပေးချေမှုနည်းလမ်းတစ်ခုမှာ Contactless ငွေပေးချေမှုကတ်များဖြစ်သည်။  အဆိုပါ ကတ်များကို ကိုင်ဆောင်အသုံးပြုသူများအနေဖြင့် မိမိတို့ ဝယ်ယူထားသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေရန်  ငွေပေးချေသောစက် (Payment Terminal) တွင် ကတ်ကို ဖြတ်ရန် သို့မဟုတ် ထည့်သွင်းရန် မလိုအပ်ဘဲ ကတ်များကို စက်အနီး ထိတွေ့ရုံဖြင့် ငွေပေးချေမှုကို ပြုလုပ်နိုင်မည် ဖြစ်သောကြောင့် Chip ကတ်များကဲ့သို့ပင် လုံခြုံမှုရှိမည်ဖြစ်ပြီး လျင်မြန်၍ သက်သောင့်သက်သာလည်း ရှိမည်ဖြစ်သည်။ အဆိုပါ Contactless ငွေပေးချေမှုနည်းလမ်းသည် မြန်မာနိုင်ငံသားများနှင့် ပိုမိုအကျွမ်းတဝင်ရှိလာနေပြီး Contactless ကတ်များ အသုံးပြုနိုင်ခြင်းအကြောင်းကို သိရှိသည်ဟု ဖြေဆိုသူသည် ယမန်နှစ်က ၁၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၂၁ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းဖြစ်သည်။ ထို့အပြင် 

၄၈ ရာခိုင်နှုန်းသော စစ်တမ်းဖြေဆိုသူများအနေဖြင့်လည်း အဆိုပါ Contactless Payment ကတ်များကို အနာဂတ်တွင် အသုံးပြုရန် စိတ်ဝင်စားကြောင်း ဖြေဆိုခဲ့ကြသည်။

ထိုသို့ Contactless ငွေပေးချေမှုအပေါ် စိတ်ဝင်စားမှု မြင့်တက်လာခြင်းသည် လက်ရှိ Visa ကတ် အသုံးပြုသူများ၏ အမူအကျင့်များနှင့် ကိုက်ညီမှုများ ရှိနေသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း Visa ကတ် အသုံးပြုပြီး ငွေပေးချေမှု ပြုလုပ်ခြင်းအားလုံး၏ ၂၀ ရာခိုင်နှုန်းသည် Contactless ငွေပေးချေမှုပုံစံဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ ဤနှုန်းသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ၂ ရာခိုင်နှုန်းသာ ရှိနေခဲ့ရာမှ ယခု ဆယ်ဆခန့် တိုးတက်လာခြင်းဖြစ်သည်။ 

ပညာပေးရေးသည် တိုးတက်မှု၏ အဓိက သော့ချက်ဖြစ် 

လေ့လာဆန်းစစ်ချက်ရလဒ်များအရ စစ်တမ်းကောက်ယူခဲ့သည့် လူဦးရေ၏ ၅၂ ရာခိုင်နှုန်းသည် ငွေကြေးဆိုင်ရာ ကိစ္စရပ်များအတွက် အသိပညာ အနည်းငယ်သာ ရှိသည်ဟု ယူဆထားပြီး သုံးစွဲသူများ၏ ၇ ရာခိုင်နှုန်းခန့်သာလျှင် ကျွမ်းကျင်မှုရှိသည်ဟု ထင်မြင်ချက်ရှိသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသားသုံးစွဲသူများက စျေးကွက်အတွင်းရှိ ငွေကြေးဝန်ဆောင်မှုများကို မည်သို့အကောင်းဆုံးအသုံးပြုနိုင်မည်ကို သိရှိလာနိုင်ရေး ကူညီပေးရန် အခွင့်အလမ်းတစ်ရပ်ကို ကျွန်မတို့အနေဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်းတွင်လည်း Visa မြန်မာအနေဖြင့် နိုင်ငံအတွင်း ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုအသိပညာရရှိစေပြီး ၎င်းတို့၏ နိစ္စဓူဝ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ လေ့လာနိုင်ရန်အတွက်  မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သော Practical Money Skills3 ဝက်ဘ်ဆိုဒ် တစ်ခုကိုလည်း  ဖော်ဆောင်လုပ်ကိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်းတွင်လည်း ထိရောက်သည့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ စောင့်ကြည့် စစ်ဆေးမှုမှ တစ်ဆင့် နောက်ဆုံးပေါ် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအန္တရာယ်တို့ကို တိုက်ဖျက်ရန်အတွက် ဘဏ်များနှင့် အစိုးရအဖွဲ့အစည်းများအတွက် လိုက်နာဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Compliance Workshop) ကိုလည်း ပြုလုပ်ခဲ့သည်။

ကျွန်မတို့ လေ့လာသိရှိထားချက်များကို သုံးစွဲသူများ၊ ဤလုပ်ငန်းနယ်ပယ်တွင်း လုပ်ကိုင်နေသူများနှင့် အစဉ် မျှဝေသွားခြင်းအားဖြင့် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရေး အခြေခံအုတ်မြစ်ချနိုင်ရန်၊ မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်ပေးနိုင်ရန် ကျွန်မတို့အနေဖြင့် မျှော်လင့်သည်။ 

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် အတူတကွ ပူးပေါင်းလုပ်ဆောင်နေသူတိုင်းအပေါ်တွင် မှီတည်လျက်ရှိ 

ကျွန်မတို့၏ လေ့လာဆန်းစစ်ချက်အရ သိရှိရသည်မှာ ဘဏ်များအပေါ်တွင် အပြုသဘောဆောင်သော သဘောထားများ ရှိလာကာ မြန်မာနိုင်ငံသားများသည် ဒီဂျစ်တယ်ငွေပေးချေမှုပုံစံများကို ရယူအသုံးပြုရန် စိတ်ဝင်စားမှုများ ရှိလာကြခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံသား သုံးစွဲသူများအနေဖြင့် ငွေသားကိုင်တွယ်သုံးစွဲရန် မလိုအပ်သော ငွေပေးချေမှုနည်းလမ်းများ၏ အားသာချက်များကို  ပိုမိုနားလည်လာသည်နှင့်အမျှ အီလက်ထရောနစ် ငွေပေးချေမှုများကို အသုံးပြုရန် စိတ်ဝင်စားမှု ပိုမိုတိုးတက်လာခြင်းကို မြင်တွေ့ရသောကြောင့် ကျွန်မတို့အနေဖြင့် စိတ်အားတက်ဖွယ်ဖြစ်သည်။ 

အီလက်ထရေနစ်ငွေပေးချေမှုများ အသုံးပြုခြင်းအပေါ် စိတ်ဝင်စားမှုများ မြင့်တက်လာခြင်းသည် ဤနယ်ပယ်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသူများ၊ ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချရေး ရည်ရွယ်လုပ်ဆောင်နေသည့် အစိုးရတာဝန်ရှိသူများ၊ သုံးစွဲသူများ၏ လိုအပ်ချက်ကို အလေးပေးစဉ်းစားသည့် နိုင်ငံတစ်ဝန်းမှ လုပ်ငန်းရှင်များအတွက် ကြီးမားသော သက်ရောက်မှုရှိနိုင်သည်။ ကျွန်မတို့ အနေဖြင့် သုံးစွဲသူများကို ရွေးချယ်ဖွယ်ရာများ၊ ပညာပေးမှုများ လုပ်ဆောင်ပေးကာ အခက်အခဲများကို ကျော်လွန်နိုင်ရေးအတွက် အတူတကွ ဆက်သွယ်လုပ်ဆောင်နေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံ၏ အနာဂတ်သည် တောက်ပမှုရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။

#######

နည်းဥပဒေ။ ။ မြန်မာနိုင်ငံမြို့ကြီးများရှိ မြို့နေလူထု၏ ငွေကြေးနှင့် ငွေပေးချေမှုဆိုင်ရာ အလေ့အထနှင့် သဘောထားများကို သိရှိနားလည်ရန်အတွက် ဤဆန်းစစ်လေ့လာမှုကို ရန်ကုန်၊ မန္တလေးနှင့် မကွေးမြို့ကြီးများတွင် လူပေါင်း ၅၀၄ ယောက်အား လူတွေ့ မေးမြန်းလေ့လာကာ စစ်တမ်းကောက်ခံခဲ့ခြင်း ဖြစ်သည်။ ယင်းစစ်တမ်းအား စက်တင်ဘာလ ၂၀၁၈ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Visa အကြောင်း 


3http://www.myanmar.practicalmoneyskills.com/

Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှု ကွန်ယက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကွန်ယက်တစ်ခု ဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်း ပေးပို့နိုင်သည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင်လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကာ လူတိုင်း နေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန်မလိုအပ်တော့သည့် အနာဂတ်တစ်ခု ရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်းဖြစ်စေသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ်စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင် ကောင်းမွန်သော စီးပွားရေးတစ်ရပ်လုံး၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏ အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ Visa နှင့် စပ်လျဉ်းသည့် ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ အတွက် About Visa, visa.com/blog နှင့် @VisaNews တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly