တပ်ရင်းမှူးအပါ ၂၀ ဦးကို ဖမ်းမိထားကြောင်း AA ထုတ်ပြန်ချက် စိစစ်နေဟု ဗိုလ်ချုပ်ထွန်းထွန်းညီပြော

တပ်ရင်းမှူးအပါ ၂၀ ဦးကို ဖမ်းမိထားကြောင်း AA ထုတ်ပြန်ချက် စိစစ်နေဟု ဗိုလ်ချုပ်ထွန်းထွန်းညီပြော
ပုံ- ရခိုင်တပ်ဖွဲ့(AA)ကို တွေ့ရစဉ်(ပုံ-AA)

ရန်ကုန်၊မဇ္ဈိမ ၁၁။                  ။ တပ်မ(၇၇)လက်အောက်ခံ ခမရ(၇)၏ တပ်ရင်းမှူး အပါအဝင် အရာရှိ၊ အကြပ်ဆရာ၊ ရဲဘော် အားလုံး စုစုပေါင်း ၂၀ ဦးခန့် အား လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း ရခိုင်တပ်ဖွဲ့(AA)မှ ထုတ်ပြန်လာ သည့်အပေါ် အောက်ခြေ မြေပြင် အနေအထားကို စိစစ်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မဇ္ဈိမသို့ ပြောသည်။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် မီးဝဗျူဟာကုန်းသို့ စစ်ကူပေးရန်လာသော တပ်မတော်၏ စစ်ကြောင်းများထဲမှ တပ်မ (၇၇) လက်အောက်ခံ၊ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့ အခြေစိုက် ခမရ(၇)အား တိုက်ခိုက်ခဲ့ ကြောင်း မတ်လ ၁၀ ရက်၌ AA က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ခမရ(၇)၏ တပ်ရင်းမှူး သက်နိုင်ဦး အပါအဝင် အရာရှိ၊ အကြပ်ဆရာ၊ ရဲဘော်အားလုံး စုစုပေါင်း (၂၀) ဦးခန့် အား လက်ရ ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်း အမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့ သည်ဟုလည်း AA က ထုတ်ပြန်ချက်မှာ ပြောထားသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ တိုက်ပွဲ ထိတွေ့မှုတော့ ရှိကြောင်း၊ AA ထုတ်ပြန်ကို စိစစ်နေကြောင်း ဆိုသည်။

ဗိုလ်ချုပ် ထွန်းထွန်းညီက “ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိစစ်နေဆဲပါဗျ။ အဲဒီနေ့က တိုက်ပွဲ ဖြစ်ပွားမှုတော့ ရှိပါ တယ်။ မြေပြင် အခြေအနေ တော့ စိစစ်ဆဲပဲ။ အဲဒီနောက်ဆုံး အခြေအနေလေးကတော့ ကျွန်တော်တို့ မသိသေးဘူးဗျ။ ထိတွေ့မှုဖြစ်တာလေးတွေ ရှိတယ်။ အဆက်အသွယ်ပြတ်တာလေးတွေဖြစ်တာရှိတယ်။ ဒါမျိုးတွေတော့ ကျွန်တော်တို့ ရှိပါတယ်ဗျ။ ဒါပေမယ့် တိတိကျကျ မသိရသေးတဲ့အတွက် ကျွန်တော်တို့က ပြောလို့ မရသေးတာပေါ့”ဟု ပြောသည်။

AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ မတ်လ ၁၀ ရက်နေ့ နံနက် ၄ နာရီက AA တပ်ဖွဲ့ဝင်များနှင့် တပ်မတော်၏ တပ်မ (၇၇) လက်အောက်ခံ ခမရ(၇)တို့ ကျောက်တော်မြို့နယ်၊ မုန်းပန်းပင်ရွာနှင့် မီးချောင်း ပတ်ဝန်း ကျင်မှာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက် တပ်ရင်းမှူးအပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည် ၂၀ လောက် ဖမ်းဆီး ရမိခဲ့သည်ဟု မဇ္ဈိမသို့ ပြောသည်။

“ မနေ့က မတ်လ ၁၀ ရက်နေ့ မနက် ၄ နာရီလောက်မှာစပြီးတော့ မြန်မာစစ်တပ်ရဲ့ တပ်မ(၇၇)လက်အောက်ခံ ခမရ(၇) ကနေပြီးတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကြားမှာ တိုက်ပွဲဖြစ်တာရှိတယ်၊ အဲဒီ တိုက်ပွဲဖြစ်တဲ့ နေရာက တော့ ကျောက် တော်မြို့နယ်၊ မုန်းပန်းပင်ရွာ ကျောက်တော်နဲ့ ပလက်ဝ နယ်စပ်ပေါ့။ အဲဒီ မုန်းပန်းပင်ရွာနားမှာ ဖြစ်တာ။  မြန်မာစစ်တပ် ကနေ အတွဲလိုက် ဒုံးတွေနဲ့ လှမ်းပစ်တာရှိတယ် အတွဲလိုက်ဒုံးတွေပစ်တာကတော့ ဘူးသီးတောင်မြို့နယ် ကနေ ပစ်တာ ကျောက်တော်နဲ့ပလက်ဝနယ်စပ်အထိပေါ့။ ဒီမီးချောင်းပတ်ဝန်းကျင်ကို အတွဲလိုက်ဒုံးတွေနဲ့ လှမ်းပစ်ပြီးတော့ စစ်ကူ ပေး တာပေါ့။ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးတော့ စစ်ကူ ပေးတာရှိတယ်။ အဲဒီမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီးတော့ မနက်ပိုင်းမှာတော့ မြန်မာစစ်တပ်ရဲ့ ခမရ(၇)က တပ်ရင်းမှူးအပါအဝင် အရာရှိ၊အကြပ် ၊ စစ်သည် ၂၀ လောက် ကျွန်တော် တို့ ဖမ်းဆီးရမိတာရှိတယ်”ဟု ပြောသည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို AA ၏ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေများနှင့် အညီ မိမိတို့ ကောင်းကောင်းမွန်မွန် ဆက်လက် ထိန်းသိမ်းသွားမည်ဟု ဆိုသည်။

လက်ရှိတွင် ကျောက်တော်မြို့နယ်အတွင်းရှိ မီးချောင်း ပတ်ဝန်းကျင်နှင့် မုန်းပန်းပင်ရွာ အပါအဝင်  ကျောက်တန်းရွာ၊ တင်းမရွာ စသည့် နေရာများမှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း AA ဘက်က ပြောသည်။

တပ်မတော်သည် AA နှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် ဓာတုအဆိပ်ငွေ့ပါသောဗုံးဖြင့် တိုက်ခိုက်မှုများ ရှိသည်ဟု သတင်းမီဒီယာတချို့သို့  AA ဘက်က ပြောထားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက“ အဲဒါတော့ မရှိပါဘူးဗျ။ ကျွန်တော်တို့မှာ ဓာတုဗေဒထုတ်လုပ်တဲ့ စက်ရုံလည်း မရှိဘူး။ ဓာတု ဗေဒ လက်နက်တွေလည်း မရှိပါဘူး”ဟု ပြောသည်။

တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ယနေ့ချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲရှောင် ၁ သိန်းကျော် ရှိလာကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required