အတိုက်အခံ ဆန္ဒပြသူတွေကို ဗင်နီဇွဲလားရဲများက မျက်ရည်ယိုဓာတ်ငွေ့များနဲ့ ပစ်ခတ်နှိမ်နင်း

အတိုက်အခံ ဆန္ဒပြသူတွေကို ဗင်နီဇွဲလားရဲများက မျက်ရည်ယိုဓာတ်ငွေ့များနဲ့ ပစ်ခတ်နှိမ်နင်း

မတ်လ ၁၁။            ။ ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ဂွါဒိုရဲ့ ဆော်ဩမှုနဲ့ လက်ဝဲသမ္မတ နီကိုလပ်စ်မာဒူရိုကို အစားထိုးနိုင်မယ့် ရွေးကောက်ပွဲ ကျင်းပပေးရေး အင်္ဂါနေ့က တောင်းဆိုဆန္ဒပြသူတွေကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်နှိမ်နင်းပါတယ်။

ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ကရာကတ်မြို့အရှေ့ပိုင်းကနေ စတင်စုရုံးချီတပ်ပြီး အမျိုးသားလွှတ်တော်ဆီ ဦးတည်ချိန်မှာ ရဲက အတားအဆီးတွေနဲ့ ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။

ဂွါဒိုက ရဲတပ်ဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားနေချိန်မှာပဲ ရဲတွေဟာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်တော့တာ ဖြစ်ကြောင်း ဖြစ်ပွားရာကို ရောက်ရှိနေတဲ့ အေအက်ဖ်ပီသတင်းထောက်တွေက ပြောပါတယ်။

“အခု သပိတ်တားတာဟာ ဗင်နီဇွဲလားကို ကိုယ်စားမပြုပါ။ အာဏာရှင်ကိုပဲ ကိုယ်စားပြုနေတာ ဖြစ်တယ်။”လို့ ဂွါဒိုက ဒိုင်းအကာတွေနဲ့အတူ ပိတ်ဆို့ထားတဲ့ ရဲတပ်ဖွဲ့ စည်းရိုးကို ရည်ညွှန်းပြီး ပြောပါတယ်။

ချီတက်ဆန္ဒပြသူ တော်တော်များများက ထိပ်တိုက်တွေ့မှုကနေ ထွက်ခွာသွားကြပေမယ့် အချို့ကတော့ မျက်နှာဖုံးတွေ တပ်ပြီး ရဲတပ်ဖွဲ့ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။

ဗင်နီဇွဲလားအလံတွေ ဝှေ့ယမ်းပြီး အမျိုးသားလွှတ်တော်ဆီ အခု ချီတက်ဆန္ဒပြနေစဉ်မှာ အခြားမြို့တွေမှာလည်း ဆန္ဒပြမှုအချို့ ဖြစ်ပွားတယ်လို့ ဌာနေသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

“ဒီကနေ့ လမ်းတွေပေါ်မှာ ကျွန်တော်တို့ အင်အားစုစည်းခဲ့ကြတယ်။ ဒါဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ပဲ ဖြစ်တယ်။”လို့ ဂွါဒိုက တွစ်တာကနေ ရေးသားပါတယ်။

အတိုက်အခံ ထိန်းချုပ်ရာ အမျိုးသားလွှတ်တော်ရဲ့ အကြီးအကဲ ဂွါဒိုဟာ မာဒူရိုကို ဖြုတ်ချရေးအတွက် မနှစ်ကစလို့ လှုပ်ရှားဆောင်ရွက်လာတာဖြစ်ပြီး မာဒူရိုဟာ ၂၀၁၈ အကြံအဖန် ရွေးကောက်ပွဲမှာ အာဏာအတင်းရယူ ထားတယ်လို့ ပြောဆိုပါတယ်။

ဂွါဒိုဟာ သူ့ကိုယ်ကို ကြားဖြတ်သမ္မတအဖြစ်လည်း ကြေညာထားပြီး နိုင်ငံပေါင်း ၅၀ ကျော်ထက်မနည်းကလည်း ချက်ချင်းပဲ အသိအမှတ်ပြုခံထားရတာ ဖြစ်ပါတယ်။

အဲဒီအချိန်ကစလို့ မာဒူရိုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့ပေမယ့် မာဒူရိုဟာ ဆန္ဒပြပွဲတွေကို နှိမ်နင်းအောင်မြင်ပြီး ဂွါဒိုရဲ့ လူကြိုက်များမှုက တစ်စစ ယုတ်လျော့လာခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly