စက်ရုံနှစ်ရုံမှ လုပ်ငန်းရှင်များ ထွက်ပြေး၍ အလုပ်သမား ၈၀၀ နီးပါး လစာမရဘဲ ဖြစ်နေ

စက်ရုံနှစ်ရုံမှ လုပ်ငန်းရှင်များ ထွက်ပြေး၍ အလုပ်သမား ၈၀၀ နီးပါး လစာမရဘဲ ဖြစ်နေ
ဓာတ်ပုံ - ဆုမြတ်မေဇော် ပုံ-ရွှေပြည်သာအလုပ်သမားသမဂ္ဂက အလုပ်သမားများ၏ နစ်နာမှုနဲ့ပတ်သက်ပြီး ဆန္ဒပြနေစဉ်။

မတ်လ ၁၀။              ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်က(Su Xing)အထည်ချုပ် စက်ရုံနှင့် ရွှေပြည်သာ မြို့နယ်ရှိ Royal Myanmar Apollo စက်ရုံက လုပ်ငန်းရှင် နှစ်ဦး ထွက်ပြေး သွား သည့်အတွက် စက်ရုံအလုပ်သမား ၈၀၀ နီးပါး လုပ်ခလစာ မရဘဲ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းရှင်များမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြပြီး ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ လစာထုတ်ပေးမည့် နေ့တွင် တပြိုင်နက်တည်း တိမ်းရှောင် ထွက်ပြေး သွားကြခြင်း ဖြစ်ကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ်-မြန်မာ (STUM)၏ ဦးဆောင်အဖွဲ့ဝင် ဒေါ်မျိုးမျိုးအေးက ပြောသည်။

“၅ ရက်နေ့ လစာပေး ခါနီးကျတော့မှ သူဋ္ဌေးထွက်ပြေးသွားတယ်လို့ မန်နေဂျာက ပြောတယ်၊ ဒါတာဝန်ယူမှု တာဝန်ခံမှု မရှိတာပေါ့နော်။ အဲဒါနဲ့ အလုပ်သမားတွေရော၊ အလုပ်သမား မိသားစုတွေရော မေးမြန်းကြတဲ့အခါ ကျတော့ စက်ရုံကို ချိတ်ပိတ် လိုက်တာပေါ့နော်။ ပြီးရင် အလုပ်သမားတွေကို ပြန်လွှတ်လိုက်တယ်” ဟု ၎င်းက ပြောသည်။

လစာ မရဘဲ ဖြစ်နေသော အလုပ်သမားများမှာ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်(Su Xing)က အလုပ်သမား ၃၀၀ ကျော်နှင့် ရွှေပြည်သာရှိ Royal Myanmar Apollo စက်ရုံမှ ဝန်ထမ်း ၅၀၀ နီးပါးရှိကြောင်း၊ ထို အလုပ်သမားများ သည် လစာအပါအဝင် နစ်နာကြေးများ မရရှိကြသေးကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံရှိ စက်ရုံတချို့မှာ ကုန်ကြမ်းပြတ်လပ်ပြီး အော်ဒါမရှိသည့်အတွက် စက်ရုံများကို ပိတ်သိမ်း ခဲ့ရသော်လည်း ယခုအခါတွင် စက်ရုံနှစ်ရုံမှ အလုပ်ရှင်များသည် လစာ မပေးနိုင်သည့်အတွက် ထွက်ပြေး တိမ်းရှောင် သွားကြခြင်းဖြစ်ကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

ရွှေပြည်သာမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက “လောလောဆယ်မှာ စက်ရုံ ပိုင်ရှင် ထွက်ပြေးသွားတဲ့အတွက် သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုတော့ စာရင်းဇယားတွေအရ မှတ်ယူ ပြီး အဲဒါကို ထုခွဲ ရောင်းချပြီးတော့ အလုပ်သမားတွေကို လစာပြန်ပေးနိုင်အောင် လုပ်ပေးဖို့ စီစဉ်ထားတယ်ဗျ။ နောက်လုပ်ငန်းရှင် တစ်ယောက်က ဒီအလုပ်သမားတွေရဲ့ လစာကိုလည်း သူတို့ပြန်ပေးမယ်ပေါ့လေ။

ဒီစက်ရုံကိုလည်း ပြန်ပြီး လည်ပတ် နိုင်အောင်အတွက်ကို လုပ်ဖို့ဆိုပြီး လာတင်ပြတယ်။ တင်ပြတော့ ကျွန်တော်တို့က တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို ဆက်လက်တင်ပြပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွန်ကြား ချက်နဲ့ ဆက်လက်ဆောင်ရွက်ဖို့ ရှိနေပါတယ်”ဟု ပြောသည်။

လက်ရှိ သိရသော သတင်းများအရ ရွှေပြည်သာ Royal Myanmar Apollo စက်ရုံကို တခြားလုပ်ငန်းရှင် တစ်ဦးက လက်လွှဲ ရယူကာ ဦးစီးလုပ်ကိုင်ရန် စီစဉ်နေပြီး အလုပ်သမားများ၏ ဥပဒေအရ လက်လွှဲယူမည့် လုပ်ငန်း ရှင် အသစ်က အလုပ်သမားများ၏ နစ်နာကြေးနှင့် လုပ်ခလစာကို အပြည့်အဝ ပေးရမည်ဖြစ်ကြောင်း ဒေါ်မျိုးမျိုးအေးက ဆိုသည်။

“ကျွန်မတို့ နိုင်ငံမှာကလေ လုပ်ငန်းရှင်တွေ ပြောင်းသွားတယ်၊ မသိလိုက်ဘူး အလုပ်သမားတွေက။ အဲလိုပြောင်းတဲ့ အခါမှာ ဥပဒေအရ လုပ်ထုံးနစ်နာကြေးတို့ ဘာညာ ပေးခဲ့ရမှာတွေ မပေးခဲ့ကြဘူးပေါ့။ မပေးချင်တဲ့ အခါ ကျတော့ သူတို့ ဟာသူတို့ လွှဲပြောင်း အဲလိုမျိုးတွေ လုပ်တာ။ အခုလည်းသူက (ရွှေပြည်သာ စက်ရုံပိုင်ရှင်) တခြား လုပ်ငန်းရှင် တစ်ယောက်နဲ့ လက်ဝါးရိုက်ပြီးတော့ လွှဲခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့် ဟိုလူက လစာ ထုတ် မယ့်နေ့မှာ အချိန်မီ မရောက်လာလို့ ပြဿနာတက်တာလို့ အလုပ်သမားတွေက ပြောကြတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိမှာ လုပ်ငန်းရှင် ထွက်ပြေးသွားသော လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်က( Su Xing) အထည်ချုပ် စက်ရုံ နှင့် ရွှေပြည်သာမြို့နယ်ရှိ Royal Myanmar Apollo စက်ရုံတို့ကို ချိတ်ပိတ်ထားကြောင်း သိရသည်။
ထိုသို့ လစာ မပေးဘဲ ထွက်ပြေးခြင်းကြောင့် စက်ရုံကို မှီခိုနေသော အလုပ်သမားများသည် အခက်အခဲများစွာ ဖြစ်နေကြပြီး မိမိနေရပ်သို့ ပြန်သွားသူများလည်း ရှိကြောင်း(STUM)၏ ဦးဆောင်အဖွဲ့ဝင် ဒေါ်သက်သက်အောင် က ပြောသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly