အီးယူနဲ့ နေတိုး မဟာမိတ်တွေထံက ပိုမိုထောက်ပံ့မှုရဖို့ တူရကီ တောင်းဆို

အီးယူနဲ့ နေတိုး မဟာမိတ်တွေထံက ပိုမိုထောက်ပံ့မှုရဖို့ တူရကီ တောင်းဆို

မတ်လ ၁၀။              ။ တူရကီသမ္မတ အာဒိုဂန်က ရွှေ့ပြောင်းဝင်ရောက်သူ အကျပ်အတည်းသစ် ဖြစ်ပွားစေပြီး ဖိအားပေးလာခြင်းကို အီးယူအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်ရတဲ့ကြားမှာပဲ နေတိုးနဲ့ အီးယူမဟာမိတ်တွေ အနေနဲ့ တူရကီကို ပိုမိုကူညီထောက်ပံ့ဖို့ တနင်္လာနေ့မှာ တောင်းဆိုလာပါတယ်။

တူရကီရဲ့ အနောက်အုပ်စု မိတ်ဖက်တွေအနေနဲ့ ဆီးရီးယားနဲ့ ပဋိပက္ခမှာ တူရကီကို ပိုပြီးကူညီဖို့နဲ့ တိုက်ပွဲတွေက ရှောင်ပြေးလာတဲ့ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေအရေး ဖြေရှင်းရာမှာ ပိုမိုထောက်ပံ့ဖို့ သမ္မတ အာဒိုဂန်က လိုလား တောင်းဆိုတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အီးယူနဲ့ နေတိုးခေါင်းဆောင်တွေဆီ ဘရပ်ဆဲလ်မှာ လာရောက်တွေ့ဆုံရာမှာ အာဒိုဂန်အနေနဲ့ ဂရိနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူ စီးဝင်မှုကြီးကို ခွင့်ပြုတဲ့ သူ့ ဆုံးဖြတ်ချက် အတွက် အဝေအဖန် ခံရတာနဲ့ ရင်ဆိုင်ရတော့တာပဲ ဖြစ်ပါတယ်။

“နေတိုးအနေနဲ့ မဟာမိတ်တွေနဲ့ သွေးစည်းကြောင်းကို ပြသဖို့ အရေးပေါ်အခြေအနေမှာ ရောက်ရှိနေတာဖြစ်တယ်။”လို့ နေတိုးအတွင်းရေးမှူးချုပ် ဂျင်စတောတန်ဘတ်ချ်နဲ့အတူ တွေ့ဆုံရာမှာ အာဒိုဂန်က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ မဟာမိတ်တွေအနေနဲ့ ခွဲခြားဆက်ဆံမှု မရှိ၊ နိုင်ငံရေးအမှောင့်ပယောဂ ကင်းကင်းနဲ့ ကျွန်တော်တို့ နိုင်ငံနဲ့အတူ သွေးစည်းညီညွတ်ကြောင်းကို ပြသသင့်တယ်။ နောက်ထပ် နှောင့်နှေးခြင်း မရှိစေဘဲ ကျွန်တော် တို့ရဲ့ တောင်းဆိုချက်ကို ပံ့ပိုးပေးဖို့ အလွန်ကို အရေးကြီးနေပါပြီ။”လို့ ၎င်းက ပြောခဲ့ပါတယ်။

တူရကီနိုင်ငံက အားပေးအားမြှောက်ပြုပြီး နယ်စပ်ဖြတ်သန်းခွင့် ပြုထားတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ အီးယူနိုင်ငံတွေဆီ ရောက်လာရေး ဒိုင်းသဖွယ်ဖြစ်နေတဲ့ ဂရိနိုင်ငံကို ထောက်ခံလျက်ရှိတဲ့ အီးယူခေါင်းဆောင်တွေဖြစ် သူ ချားစ်မီချယ်နဲ့ အူဆူလာဗွန်ဒါလီယန်းတို့နဲ့လည်း အာဒိုဂန်အနေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

၎င်း အီးယူခေါင်းဆောင်တွေဟာ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရပ်တန့်အောင် တူရကီခေါင်းဆောင် အာဒိုဂန်ကို တိုက်တွန်းပြောဆိုလျက် ရှိတာ ဖြစ်ပါတယ်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly