Facebook ၏ အရှေ့တောင်အာရှဒေသ အများပြည်သူဆိုင်ရာ မူဝါဒရေးရာ ဒါရိုက်တာ Rafael Frankel နှင့် တွေ့ဆုံမေးမြန်းခြင်း

Facebook ၏ အရှေ့တောင်အာရှဒေသ အများပြည်သူဆိုင်ရာ မူဝါဒရေးရာ ဒါရိုက်တာ Rafael Frankel နှင့် တွေ့ဆုံမေးမြန်းခြင်း

 Mr. Frankel ။ ။ ကျွန်တော့်နာမည်ကတော့ Rafael Frankel ရာဖေးလ် ဖရန်ကယ်လ် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ Facebook ရဲ့ အရှေ့တောင်အာရှဒေသ အများပြည်သူဆိုင်ရာ မူဝါဒချမှတ်ရေး ဒါရိုက်တာအဖြစ် တာဝန်ယူထားပါတယ်။ ကျွန်တော် ဒီအရှေ့တောင်အာရှဒေသတွင်းနဲ့ ဒေသဝန်းကျင်မှာ အလုပ်လုပ်လာခဲ့တာဆိုရင် ခုဆိုရင် နှစ် ၂၀ လောက် ရှိပါပြီ။ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာလည်း ကျွန်တော် မြန်မာနိုင်ငံကို အကြိမ်တော်တော်များများ ရောက်ဖူးပါတယ်။ ဒီ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မြန်မာအပေါ် ကျွန်တော်တို့ အထူးအာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းဖြစ်တဲ့ Facebook ပေါ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တည်ကြည်ခိုင်မြဲမှု ရှိစေဖို့အတွက် ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ Facebook နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ အလေးအထားဆုံးအရာကတော့ ဘေးကင်းလုံခြုံရေးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေ ၊ မြန်မာ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံစေရေးပေါ့။ ဒီတော့ ကျွန်တော် ဒီနေ့ ခင်ဗျားနဲ့အတူ စကားပြောရရင် အင်မတန် ဝမ်းမြောက်ပျော်ရွှင်ရပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပြီးခဲ့တဲ့ ၂၀၁၉ လေးလပတ် မြန်မာနိုင်ငံမှာ Facebook ပလက်ဖောင်းအတွက် အမုန်းစကားနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ကြိုတင် တွေးဆပြင်ဆင် တုန့်ပြန်မှုနှုန်းဟာ ခုဆိုရင် ၈၅ ရာခိုင်နှုန်းမှာ ရှိနေပါတယ်။ ဆိုလိုတာကတော့ users တွေဘက်က ကျွန်တော်တို့ဆီ အကြောင်းကြားတိုင်တန်းမှုတွေ လုပ်မလာခင်မှာပဲ ကြိုတင် တွေးဆ ပြင်ဆင် တုန့်ပြန်တဲ့နည်းနဲ့ မြန်မာနိုင်ငံမှာ Facebook ရဲ့ ၈၅ ရာခိုင်နှုန်းကို ကျွန်တော်တို့ အချိန်မီ ချုပ်ထိန်းလျက် ရှိပါတယ်။ ဒါကတော့ နောက်ဆုံး လေးလပတ်  မြန်မာနိုင်ငံမှာ Facebook ပလက်ဖောင်းပေါ်က ကျွန်တော်တို့ တွေ့ရှိတဲ့ အမုန်းစကား အရေအတွက်စုစုပေါင်း ၅၀,၀၀၀ ဝန်းကျင်အနက်က ဖြစ်ပါတယ်။

ခုကတော့ ဒါကိုပဲ ကျွန်တော် ဆက်စပ် ပြောသွားချင်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အကြာ ကျွန်တော် မြန်မာ ဒစ်ဂျစ်တယ် အခွင့်အရေး ဖိုရမ်မှာ ကျွန်တော် တက်ခဲ့ချိန်တုန်းကဆိုရင် ၂၀၁၈ စတုတ္ထလေးလပတ်ထဲမှာ ကျွန်တော်တို့ရဲ့ ကြိုတင် တွေးဆ ပြင်ဆင်ပြီး ထောက်လှမ်းစုံစမ်းမှုနှုန်းဟာ ဘယ်လိုကြောင့် ၆၈ ရာခိုင်နှုန်းမှာ ရှိနေခဲ့သလဲ ဆိုတာနဲ့ပတ်သက်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ အဲဒါက ကျွန်တော်တို့ ဖယ်ရှားခဲ့တဲ့ အမုန်းစကား အရေအတွက်  ၅၅,၀၀၀ ထဲကနဲ့ ညီမျှပါတယ်။ ၂၀၁၈ ခုနှစ် ပထမလေးလပတ်ကဆိုရင် ကြိုတင် တွေးဆ ထောက်လှမ်းမှုနှုန်းဟာ ၂၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိခဲ့တာပါ။ ဒီတော့ ဒီမှာ တွေ့နေရတဲ့ ကြီးမားတဲ့ မြင်ကွင်းကျယ်ကို ကြည့်မယ်ဆိုရင် နှစ်နှစ်တာအတွင်းမှာပဲ မြန်မာနိုင်ငံမှာ အမုန်းစကားကို ကြိုတင်တွက်ချက် ထောက်လှမ်းနိုင်စွမ်းပိုင်းမှာနဲ့ ဒါတွေကို ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားမှုပိုင်းမှာ ကြီးမားတဲ့ တိုးတက်မှုတွေ ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ နောက်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်ကနဲ့ ယှဉ်ရင် မြန်မာနိုင်ငံက ပလက်ဖောင်းပေါ်မှာ အမုန်းစကားတွေ ကျွန်တော်တို့ မြင်ရတာ ပိုနည်းသွားပြီဖြစ်ပါတယ်။ ဒီတော့ ခုလို စုစုပေါင်းရလဒ်အရ မြန်မာနိုင်ငံက အသုံးပြုသူတွေ အနေနဲ့ သူတို့ လွန်ခဲ့တဲ့ နှစ်တွေအနည်းငယ်တုန်းကနဲ့ယှဉ်ရင် ခုချိန်မှာ Facebook ပေါ်မှာ အမုန်းစကားတွေ မြင်ရတာ အတော်လေး နည်းသွားဖွယ် ရှိတယ်ဆိုတာကို ပြသနေပါလိမ့်မယ်။

နောက်တစ်ခု ကျွန်တော် ပြောချင်တာကတော့  ရွေးကောက်ပွဲ တည်ကြည်ခိုင်မြဲမှု ရှိဖို့အတွက် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ သက်ဆိုင်ရာ လူအသိုက်အဝန်းအစုအဖွဲ့တွေ၊ ရွေးကောက်ပွဲကော်မရှင် (UEC) ၊ နောက် နိုင်ငံတကာ ရွေးကောက်ပွဲအဖွဲ့တွေနဲ့အကြား နည်းလမ်းအမျိုးမျိုးနဲ့ တကယ် နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတာပါ။ လူအသိုက်အဝန်း အစုအဖွဲ့တွေနဲ့ဆိုရင်လည်း သူတို့ဆီက တုန့်ပြန်မှု feedbacks တွေ ရဖို့ နဲ့ နောက် ပလက်ဖောင်းပေါ်မှာ သူတို့ဘာတွေမြင်နေလဲ ဆိုတာ သိရဖို့အတွက် ကျွန်တော်တို့ တကယ့်ကို ချိတ်ဆက်လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ လေးလအတွင်းမှာလည်း မြန်မာနိုင်ငံက ပြည်နယ်ခုနစ်မှာ community outreach ဖိုရမ်တွေ ကျွန်တော်တို့ လုပ်ခဲ့ပါသေးတယ်။ နောက်ပြီး ကျွန်တော်တို့ UEC နဲ့လည်း ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ အများပြည်သူဝန်ဆောင်မှုဆိုင်ရာ ကြေညာချက်ထုတ်ပြန်မှုပိုင်း အားကောင်းစေဖို့အတွက် Facebook ကို ဘယ်လိုအသုံးပြုရသလဲဆိုတာကို သူတို့ကို လေ့ကျင့်သင်ကြားဖို့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ ဒါမှလည်း မြန်မာမဲဆန္ဒရှင်တွေ၊ မဲပေးသူတွေနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်မှာ ပါဝင်လိုတဲ့ ပြည်သူတွေကို အကောင်းဆုံး သတင်းအချက်အလက်တွေ ရစေနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ရွေးကောက်ပွဲဆိုင်ရာ အစုအဖွဲ့တွေနဲ့အတူ ကျွန်တော်တို့ အတူလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ရဲ့ community စံနှုန်းတွေ၊ အကောင့် လုံခြုံမှုတွေနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေကို ကူညီလေ့ကျင့်သင်ကြားပေးနိုင်အောင်လို့ပါ။  ဒါမှလည်း သူတို့အနေနဲ့ Facebook ပေါ်မှာ ဘာတွေ ပြောလို့ရတယ်၊ ဘာတွေကို ပြောလို့ မရဘူးလဲ ဆိုတာနဲ့ပတ်သက်လို့ သူတို့ သိသွားကြပါလိမ့်မယ်၊ သူတို့ရဲ့ အကောင့်တွေ ခိုင်မာမှုရှိပြီး စိတ်ချရတယ်ဆိုတာကို သေချာစေဖို့ပါ။ ဒီလုပ်ငန်းစဉ်ကို ခိုင်မာကောင်းမွန်စေဖို့အတွက် မြန်မာနိုင်ငံံမှာ ရှိတဲ့ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေနဲ့အတူ လက်တွဲပြီး ၂၀၂၀ ရွေးကောက်ပွဲကို သမာသမတ်ကျမှန်ကန်မှုရှိစေဖို့ လေဆာရောင်ခြည်တန်းတစ်ခုလို ကျွန်တော်တို့ အာရုံစိုက်လုပ်နေပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါက စုပေါင်းလုပ်ဆောင်ရတဲ့ အားထုတ်မှုတစ်ခုပါ။ ဒါကို ဘယ်သူမှ တစ်ယောက်တည်းနဲ့ လုပ်လို့ မရနိုင်ဘူး။ ဒီက မီဒီယာ၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ UEC တို့နဲ့အတူ လက်တွဲပါဝင်လုပ်ဆောင်ရတဲ့အတွက် Facebook ဘက်ကတော့ ဝမ်းမြောက်ရပါတယ်။

ဝင်းနိုင်။ ။ Users တွေနဲ့ ဘေးကင်းလုံခြုံရေးလို့ ပြောခဲ့တယ်။ ဒါ ဘာကို ဆိုလိုတာလဲ။

Mr Frankel ။ ။ မြန်မာနိုင်ငံမှာ တင်မကပါဘူး၊ တကမ္ဘာလုံးမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ users တွေကို အမုန်းစကားတွေ၊ အကြမ်းဖက်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ၊ အနိုင်ကျင့်နှိပ်စက်မှုတွေ၊ နှောင့်ယှက်ဒုက္ခပေးမှုတွေနဲ့ ပတ်သက်ရတာမျိုး ကျွန်တော်တို့ဘက်က မဖြစ်စေချင်ပါဘူး။ ဒါကတော့ ကျွန်တော်တို့ အဓိက အာရုံစိုက်ထားတဲ့ အချက်ဖြစ်ပါတယ်။ နောက်တစ်ခုက users တွေကို ယုံံကြည်စိတ်ချရပြီး ခိုင်မာတဲ့ ဆက်သွယ်ချိတ်ဆက်ပြောဆိုမှုတွေ ရရှိအောင် လုပ်ပေးဖို့ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ ဆိုလိုတာက သူတို့တွေကို အထင်အမြင်လွဲအောင် လှည့်စားတတ်တဲ့ သူတွေရဲ့ သားကောင်ဖြစ်မသွားစေဖို့ကို ကျွန်တော်တို့ အာရုံစိုက်ထားတာဖြစ်ပါတယ်။ ဒီတော့ ပလက်ဖောင်းပေါ်မှာ တခြားတစ်ယောက်ယောက် အဖြစ် ဟန်ဆောင် အသုံးပြုနေတဲ့ သူတွေကို ကျွန်တော်တို့ မြင်ရတဲ့အခါ အဲဒီလိုလူတွေကို ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားရပါတယ်။ နောက်ပြီး အများပြည်သူ အထင်အမြင် လွဲစေအောင် ကြိုးကိုင်ခြယ်လှယ်ဖို့ အခြားကွန်ရက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေသူတွေကို ကျွန်တော်တို့ မြင်ရတဲ့အခါ အဲဒီလို ကွန်ရက်တွေကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။ဒါကတော့ ဘေးကင်းလုံခြုံမှုအပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်  ပြောချင်တဲ့ အရာတွေဖြစ်ပါတယ်။

ဝင်းနိုင်။ ။ မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၂၀ ဆိုရင် ရွေးကောက်ပွဲလည်း ရှိတယ်ပေါ့လေ၊ ကျွန်တော်တို့ စိုးရိမ်တာတစ်ခုက သတင်းတု fake news တွေပေါ့။ ဒါကလည်း အမုန်းစကားလိုမျိုး အတိုင်းအတာ တူပါတယ်။ ဒီတော့ facebook ပေါ်ကနေ ဒီသတင်းတုတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ ဘယ်လိုအစီအမံတွေ လုပ်ထားပြီး ပြင်ဆင်ထားပါသလဲ။

Mr Frankel ။ ။ သတင်းအချက်အလက်အမှား ဖြန့်ဝေမှုနဲ့ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ မူဝါဒတစ်ခု ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါကတော့ ဖယ်ရှားခြင်း၊ လျှော့ချခြင်း၊ အသိပေးအကြောင်းကြားခြင်းလို့ ကျွန်တော်တို့ ခေါ်ပါတယ်။ ဖယ်ရှားမှုအပိုင်းမှာဆိုရင် ပလက်ဖောင်းပေါ်က ထိခိုက်မှုအန္တရာယ် အရှိဆုံး သတင်းအချက်အလက်အမှားတွေကို အာရုံစိုက်ပါတယ်။ ဒီ သတင်းအချက်အလက်အမှားဖြန့်မှုက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်မှုနဲ့အတူ အကြမ်းဖက်မှုဆီ လက်တွေ့ ဦးတည်သွားစေနိုင်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ဖယ်ရှားခြင်း ခေါင်းစဉ်အောက်မှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့ ပလက်ဖောင်းပေါ်က ဒီလိုအကြောင်းအရာမျိုးကို ဖယ်ရှားပစ်ပါတယ်။ သတင်းအမှားတွေကို ဖယ်ရှားခြင်းနဲ့ပတ်သက်တဲ့ တခြား ပုံစံတွေကတော့ မဲဆန္ဒရှင် ဖိနှိပ်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဒါကတော့ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံမှာ အတော့်ကို အပ်စပ်မှု ရှိမယ်ဆိုတာ ထင်သာမြင်သာ ရှိစေနိုင်ပါတယ်။ လူတွေကို ဆန္ဒမဲ ပေးလို့မရအောင် ရည်ရွယ်ပြီး သတင်းအမှားဖြန့်တဲ့အကြောင်းအရာတိုင်းကို ကျွန်တော်တို့ ဖယ်ရှားပစ်ပါမယ်။ နောက်တစ်ခုကတော့ အများပြည်သူ ကျန်းမာရေးဆိုင်ရာ သတင်းအမှားဖြန့်ခြင်းပေါ့။ အထူးသဖြင့် ခုချိန်မှာ COVID-19 နဲ့ပတ်သက်လို့ပေါ့။ ဒါနဲ့ပတ်သက်လို့ အန္တရာယ်အများဆုံံး ကောလာဟလတွေ၊ သတင်းအမှားတွေကို ကျွန်တော်တို့ ဖယ်ရှားနိုင်ဖို့ အထူးအာရုံစိုက်လုပ်ဆောင်နေပါတယ်။ ခု ကျွန်တော် ဆက်ပြောမှာက လျှော့ချခြင်းဆိုတဲ့ အပိုင်းပေါ့။ ဒါကတော့ သွေးထိုးလှုံ့ဆော်တဲ့၊ အရည်အသွေး နိမ့်တဲ့ အကြောင်းအရာတွေပေါ့၊ ဒါတွေက ကျွန်တော်တို့ရဲ့ မူဝါဒကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ထိပါးခြင်း မရှိပေမယ့် ဒီလို သတင်းအမှားဖြန့်မှုမျိုးကိုလည်း ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုက ဒီလို ဖြန့်ဝေမှုမျိုးကို လျှော့ချပစ်ဖို့ပါ။  ပြီးတော့ ဒါတွေကို ပလက်ဖောင်းပေါ်ကနေ လုံးလုံးလျားလျား ဖယ်ရှားပစ်တာမျိုး ဟုတ်ချင်မှ ဟုတ်မယ်ဆိုပေမယ့် မြန်မာနိုင်ငံက users တွေ ဒါတွေကို မြင်ရတာ နည်းသွားအောင် လုပ်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ အသိပေးအကြောင်းကြားခြင်းပေါ့။ ဒါကတော့ လူတွေကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထောက်ပံ့ပေးဖို့နဲ့ ပလက်ဖောင်းပေါ်မှာ ကျွန်တော်တို့ရှိစေချင်တဲ့အကြောင်းအရာတွေ ထောက်ပံ့ဖို့ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာမီဒီယာအဖွဲ့အစည်းတွေနဲ့လည်း ကျွန်တော်တို့ အတူလုပ်ဆောင်နေပါတယ်။  ကျွန်တော်တို့ရဲ့ ပလက်ဖောင်း ဘယ်လိုမျိုး ပိုကောင်းအောင် အသုံးပြုလို့ရနိုင်သလဲဆိုတာကို သူတို့ကို လေ့ကျင့်သင်ကြားပေးဖို့ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC လို့ အဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ အတူလုပ်ဆောင်နေပါတယ်။  မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အားကောင်းစေဖို့ပါ။ ဒါမှလည်း လူတိုင်းဟာ ဒီလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရနိုင်မှာဖြစ်ပါတယ်။

ဝင်းနိုင်။ ။ သတင်းအမှားဖြန့်တာနဲ့ပတ်သက်လို့ ခင်ဗျား အတော်လေး ပြောသွားပါတယ်၊ ဒီတော့ သတင်းအချက်အလက်ဆိုတာ ဘယ်ဟာလဲ၊ ဘယ်ဟာက မဟုတ်ဘူးလဲ ဆိုတာ ခင်ဗျားဘယ်လိုသိလဲ။ သတင်းအချက်အလက် အမှားဖြန့်တဲ့အကြောင်း ခင်ဗျား ပြောချိန်မှာ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာကိုရော  တကယ်ပဲ စိတ်ပူပန်မိသလား။

Mr Frankel ။ ။ Facebook မှာ ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်မှုနဲ့ users တွေရဲ့ ဘေးကင်းလုံခြုံစိတ်ချရမှုအကြား ဟန်ချက်မျှစေဖို့ ကျွန်တော်တို့ အမြဲ ဂရုစိုက်ပါတယ်။ မူဝါဒ ရေးဆွဲ ဖော်ဆောင်ရာမှာလည်း ဒါကို အမြဲတမ်း ဦးစားပေး စဉ်းစားပါတယ်။ ခုကတော့ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အမှန်တရားကို စီရင်ဆုံးဖြတ်သူ မဖြစ်ချင်ဘူးဆိုတာကို ကျွန်တော်တို့ဘက်က တကယ့်ကို ရှင်းရှင်းလင်းလင်း ဖြစ်ပြီးသားလည်း ဖြစ်ပါတယ်။ ဘယ်ဟာ အမှန်၊ ဘယ်ဟာ အမှားဆိုတာကို ဆုံးဖြတ်ရတာမျိုး ကျွန်တော်တို့ မလိုချင်ပါဘူး။ အဲဒီလို လုပ်ပိုင်ခွင့်မျိုး ကျွန်တော်တို့မှာ ရှိသင့်တယ်လို့လည်း တကယ်မခံစားမိပါဘူး။ ဒီတော့ သတင်းအချက်အလက်အမှားဖြန့်တဲ့ကိစ္စမျိုးမှာ ကျွန်တော်တို့ လုပ်ဆောင်တာကတော့ လူ့အသိုက်အဝန်းထဲက ကျနော်တို့ရဲ့လုပ်ဖေါ်ကိုင်ဖက် ပါတနာတွေအပေါ် ကျွန်တော်တို့ မှီခိုပါတယ်။ တစ်စုံတစ်ခုက မှန်သလား မှားသလားဆိုတာကို အတည်ပြုခွဲခြားဖို့ သူတို့အတူ ပူးပေါင်းစစ်ဆေးပါတယ်။ နောက်တစ်ခု ကျွန်တော်တို့ လုပ်နေတာက ကမ္ဘာတဝန်းက third party အချက်အလက်စစ်ဆေးသူတွေနဲ့ အတူလုပ်ဆောင်တာဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာတဝန်းက နိုင်ငံအများအပြားမှာ content တွေကို စစ်ဆေးနေတဲ့ ပါတနာတွေ ကျွန်တော်တို့ ဆီမှာ ရှိနေပါတယ်။  သူတို့ကိုလည်း သတင်းအမှားနဲ့ အမှန်အကြား အကြောင်းအရာတွေကို ခွဲခြားတံဆိပ်ကပ်ရာမှာ လွတ်လွတ်လပ်လပ် ဆုံံးဖြတ်လုပ်ကိုင်ခွင့်ပေးထားပါတယ်။  ဒါကတော့ သတင်းအမှားဖြန့်မှုနဲ့ပတ်သက်လို့ ကျွန်တေ်ာတို့ လုပ်ဆောင်နေတာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဆုံးဖြတ်ချက်တွေ ချနေသူတွေ မဟုတ်ပါဘူး။

ခုကတော့ ဒါကို အရေးပေါ် အခြေအနေကိစ္စတွေမှာ ကျွန်တော် ပြောပါမယ်။ ဒီလို သတင်းအချက်အလက်အမှားဖြန့်တဲ့ ပုံစံအမျိုးအစားမျိုး ကျွန်တော်တို့ အရင်ကလည်း မြင်ဖူးထားတယ်၊  အရင်ကလည်း ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သိထားတဲ့ အခြေအနေမျိုးတွေမှာ ဖြစ်ပါတယ်။ အဲဒီလို အရေးပေါ် အခြေအနေမျိုးနဲ့ ကြုံလာရင် လိုအပ်ရင်တော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဒီ content တွေကို ဖယ်ရှားဖို့ ဆုံးဖြတ်သွားနိုင်ပါတယ်။  ဖြစ်စဉ်တွေအကြားမှာတော့ ဒါက အတော်လေး နည်းပါးနေပါသေးတယ်။ ခုကတော့ အဆိုးရွားဆုံး ထိခိုက်စေနိုင်တဲ့ အရာတစ်ခုတည်းကိုပဲ အာရုံစိုက်ထားပါတယ်။

ဝင်းနိုင်။ ။ မနှစ်က အချက်အလက်တွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ သတင်းတု ဒါမှမဟုတ် သတင်းမှားတွေ ဘယ်လောက်များ ရှိနေခဲ့သလဲ။

Mr Frankel ၊ ။ ကျွန်တော် ပြောခဲ့သလိုပဲ ၂၀၁၉ နောက်ဆုံးသုံးလပတ်ထဲမှာ ကျွန်တော်တို့ ဖယ်ရှားခဲ့ရတဲ့ အမုန်းစကားနဲ့ ဆိုင်တဲ့ content ပေါင်းက ၅၀,၀၀၀ လောက် ရှိပါတယ်။ ဒီမတိုင်ခင်တစ်နှစ်ကတော့ ၅၅,၀၀၀ လောက် ရှိခဲ့တယ်လို့ ထင်ရပါတယ်။ ဒီတော့ အလုံးစုံ ပမာဏကတော့ ကျသွားတယ်လို့ ကျွန်တော်တို့ တွေးမိပါတယ်။ နောက်ပြီး ခုဆိုရင် ကျွန်တော်တို့ဘက်က ကြိုတင် တုန့်ပြန်ကာကွယ် ထောက်လှမ်းမှုနှုန်းဟာ ၈၅ ရာခိုင်နှုန်း ရှိနေပါတယ်။ ၂၀၁၈ နှစ်စပိုင်းလောက်ဆိုရင် ၂၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိခဲ့တာပါ။  ဒီတော့ users တွေဘက်က ဒါတွေကို မမြင်ခင်မှာပဲ ဒီလို content တွေကို စောင့်ကြည့်ထောက်လှမ်းနိုင်စွမ်းပိုင်းမှာ ကြီးမားတဲ့ တိုးတက်မှုကို ရခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုက သတင်းအမှားဖြန့်ခြင်းနဲ့ ပတ်သက်လို့ပေါ့။  ဒီလို သတင်းအမှားဖြန့်မှုတွေ လျော့ကျသွားအောင်လို့ ကျွန်တော်တို့ အတူပူးပေါင်းလုပ်ကိုင်နိုင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ လှုံ့ဆော်သွေးထိုးတဲ့ content တွေနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံမှာ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ကြားဝင်စွက်ဖက်မှု အခြားသောပုံစံတွေလည်း ရှိနေပါတယ်။အဲဒါတွေက တကယ်တော့ ကျွန်တော်တို့ရဲ့ community စံနှုန်းတွေကို  မချိုးဖောက်ဘူး။ ဒါပေမယ့် ဒီလို ဟာမျိုးတွေကို လူတွေ မမြင်ချင်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ သိနေပါတယ်။ ဒီတော့ အဲဒီလို content တွေကို ပလက်ဖောင်းပေါ်ကနေ လျှော့ချပစ်မယ့် tools တွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ အဲဒီထဲက အနည်းအကျဉ်းကိုတော့ ခုဆိုရင် မြန်မာမှာ လည်ပတ်နေပါပြီ။  ပြီးတော့ ကျွန်တော်တို့ အတွင်းပိုင်းမှာ မြင်ရနိုင်တာကတော့ မြန်မာနိုင်ငံမှာ အရည်အသွေးနိမ့် content တွေ ဖြန့်ဝေမှု လျော့ကျနေချိန် တစ်ဘက်မှာ ပြည်သူတွေ မြင်ချင်တဲ့ ၊ ချိတ်ဆက်ပတ်သက်ချင်တဲ့ အရည်အသွေးမြင့် content တွေလည်း များလာနေပြီး ဒီနှစ်ခုအကြား တကယ့်ကို ခြားနားချက်တစ်ခုကို ဖြစ်စေပုံရပါပြီ။

ဝင်းနိုင်။ ။ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေဆိုရင် Facebook ကိုသုံးပြီး မိမိတို့ တင်ပြလိုတဲ့ အကြောင်း အရာတွေအတွက် ရည်ရွယ်ပြီး သုံးနေကြပါတယ်။ ဒီတော့ Facebook မှာ ငွေသုံးစွဲနိုင်တဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေအပေါ်မှာရော ကန့်သတ်ဖို့ ရှိပါသလား။

Mr Frankel ။ ။ နိုင်ငံရေး ကြော်ငြာတွေနဲ့ ပွင့်လင်းမြင်သာမှုအပေါ် ကျွန်တော်တို့ အလေးထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်းလောက်ကျရင် ကျွန်တော်တို့ရဲ့ နိုင်ငံရေးကြော်ငြာတွေနဲ့ပတ်သက်တဲ့ မူဝါဒတွေ အသက်ဝင်လာဖို့ကို ကျွန်တော်တို့ လုပ်ကိုင်သွားပါမယ်။ ဒါ ဘယ်အချိန်လောက်ဖြစ်မလဲ ဆိုတာကို ကျွန်တော်တို့ ကြိုတင်ကြေညာပေးသွားပါမယ်။ ဒါ ဖြစ်လာတာနဲ့တပြိုင်နက် မြန်မာနိုင်ငံမှာ နိုင်ငံရေး ကြော်ငြာတွေ ပွင့်လင်းမြင်သာမှု ရှိဖို့ ကျွန်တော်တို့ သေချာလုပ်သွားပါတော့မယ်။ ဒီတော့ နိုင်ငံရေး ကြော်ငြာတက်လာတာနဲ့ ဒီကြော်ငြာ ဘယ်သူလုပ်တာလဲ ၊ ပလက်ဖောင်းပေါ်မှာ သူတို့ ဘယ်လောက် သုံးထားသလဲ ဆိုတာနဲ့ ခင်ဗျားကို content မြင်လို့ရအောင် ခွင့်ပြုထားတဲ့ အြာခးသတင်းအချက်အလက်တွေက ဘယ်ကနေ လာတယ်ဆိုတာကို ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်။

Mizzima Weekly