စီးပွားရေးနှင့် လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်

စီးပွားရေးနှင့် လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်
Photos: EPA

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုသည် တရုတ်နိုင်ငံအတွက် အဆိုးရွားဆုံး စီးပွားရေးတုံ့ဆိုင်းစေမှု အကြောင်းရင်းများအနက် တစ်ခုဖြစ်ပြီး ကမ္ဘာ့စီးပွားရေးကိုပါ သက်ရောက်စေသည်။ အဆိုပါကူးစက်ရောဂါသည် အတောသတ်နိုင်မည့် အလားအလာမရှိသောကြောင့် ပို၍ပင် စိုးရိမ်ပူပန်လာကြသည်။ နိုင်ငံအတွင်း ကုန်စည်ပို့ဆောင်မှုနှင့် လူအသွားအလာများကို ပြင်းပြင်းထန်ထန်ကန့်သတ်ထားခြင်းကလည်း အဆိုပါကူးစက်ရောဂါကို အမြစ်ဖြတ်နိုင်မည်လားဆိုသော မသေချာ မရေရာသည့် ထင်မြင်ချက်ကို ပိုမိုဆိုးရွားလာရုံသာရှိသည်။ ထိုသို့ ထိန်းချုပ်ကန့်သတ်မှုများနှင့်အတူ သံသယရှိလူနာများကို စောင့်ကြည့်ခြင်းနှင့် တရုတ်နှစ်သစ်ကူးအားလပ်ရက် ထပ်မံတိုးပေးခဲ့ခြင်းများက တရုတ်နိုင်ငံသားများနှင့် ပြည်ပနိုင်ငံသားများကို စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေခဲ့သည်။ သာမန်ပြည်သူများမှာလည်း ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းရှားပါးမှုကို တွေ့ကြုံနေရပြီး စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မည်ကို စိုးရိမ်ကာ အလုအယက်ဝယ်ယူမှုများပင် ရှိလာသည်။ လူထူထပ်သည့်နေရာများကို မသွားလာရန် တားမြစ်ခြင်းများကလည်း ပြည်သူများအကြား စိုးရိမ်ကြောင့်ကြမှုကို ပိုစေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားစဉ် တရုတ်အစိုးရ၏ ကိုင်တွယ်ပုံကိုလည်း ဝေဖန်မှုများစွာ ရှိခဲ့ပြီး  ရောဂါကူးစက်ခံနေသော နိုင်ငံများမှ လူများ ခရီးသွားလာခြင်းကိုလည်း ပိုမိုကန့်သတ်လာကြကာ ကမ္ဘာနှင့်အဝှမ်း စိုးရိမ်ထိတ်လန့်မှု ပိုလာကြသည်။ နှစ်သစ်ကူးပိတ်ရက်ပြန်သွားသူ ရွှေ့ပြောင်းအလုပ်သမားများကလည်း လုပ်ငန်းခွင်ပြန်မရောက်လာကြသည့်အတွက် တရုတ်တို့၏ ထုတ်ကုန်နှင့် ကုန်သွယ်မှုကို အဟန့်အတားဖြစ်စေကာ စက်ရုံများ ပိတ်သိမ်းလုနီးပါးဖြစ်ခဲ့ရသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အရ တရုတ်၏နှစ်စဉ်စီးပွားဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ယမန်နှစ်ကထက် (၀.၄) ရာခိုင်နှုန်း နိမ့်ကျနေပြီး ကမ္ဘာ့စီးပွားရေးသည်လည်း ယခုနှစ်၌ (၀ . ၁)  ရာခိုင်နှုန်း နှေးကွေးလာနိုင်ကြောင်း သတိပေးထားသည်။ အဆိုပါ ကိုရိုနာဂယက်ကြောင့် အမေရိကန်အခြေစိုက် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ S & P Global က ၂၀၂၀ ခုနှစ် တရုတ်၏ စီးပွားဖွံဖြိုးတိုးတက်မှုကို Rating (၅.၇)  မှ (၅) အထိ လျှော့ချခန့်မှန်းခဲ့သည်။ ကမ္ဘာ့စီးပွားရေးအခြေအနေသည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း တိုးတက်နေခြင်းမရှိခဲ့ဘဲ အထူးသဖြင့် တရုတ်နိုင်ငံတွင် ကိုရိုနာကပ်ဆိုက်မှုကြောင့် ကမ္ဘာ့စီးပွားရေးပါကျဆင်းလာနိုင်ကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် လတ်တလော၌ မသေချာမရေရာမှု များပြားနေပြီး နိုဗယ်ကိုရိုနာဗိုင်းရပ်စ်က နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်သွားနိုင်ကြောင်း မက်ဆာချူးဆက်တက္ကသိုလ်မှ စီးပွားရေးပါရဂူ အငြိမ်းစားဂုဏ်ထူးဆောင်ပါမောက္ခ David Kot က ၎င်း၏ထင်မြင်ချက်ကိုပြောခဲ့သည်။

ကိုရိုနာဖြစ်ပွားမှု၏ ဆိုးကျိုးသက်ရောက်မှုသည် တစ်ခဏမျှသာဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ပြောသော်လည်း တရုတ်နိုင်ငံနှင့်ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်ခံရသည့် လူဦးရေ များပြားလာခြင်းနှင့် ထိုကဲ့သို့ကျန်းမာရေးဆိုင်ရာ ပြဿနာများကို တရုတ်တို့ မကိုင်တွယ်နိုင်ခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်လျက်ရှိသည်။

ခေတ်မီတိုးတက်သော ခေတ်ကာလဖြစ်လင့်ကစား ကိုရိုနာစတင်ဖြစ်ပွားချိန်၌ ထိုသို့ကြီးမားသော ပြဿနာကို ကိုင်တွယ်ရမည့် အနေအထားတွင် တရုတ်အာဏာပိုင်များက သတင်းစီးဆင်းမှုကို ဖိနှိပ်ခြင်းနှင့် သတိပေးသူများကို နှောင့်ယှက်ခြင်းစသည့် လုပ်ရပ်များသည် ကွန်မြူနစ်ပါတီ၏ သဘောသဘာဝကို ထင်ဟပ်ပြသလျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီး ပြန်လည်နာလန်ထူလာနိုင်မည်ဟု အစောပိုင်းတွင် တွေးထင်ခဲ့ကြသည့် အကောင်းမြင်ဝါဒီသမားများကလည်း ယခုအခါ ၎င်းတို့ အထင်အမြင်မှားကြောင်း ဝန်ခံလာကြသည်။ အထူးသဖြင့် ကနဦးအဆင့်တွင် ဗိုင်းရပ်စ်ကူးစက်မှုကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့၍ ယခုအခါ တစ်ကမ္ဘာလုံး ကိုရိုနာကြောင့် မျက်ခုံးလှုပ်နေရကြောင်း အများက လက်ခံယုံကြည်လာပြီဖြစ်သည်။ အတိုင်းအတာ မည်မျှအထိ ကူးစက်ပျံ့နှံ့မည်ကို မပြောနိုင်ကြောင်း Sun Trust Advisory Services မှ ဈေးကွက်မဟာဗျူဟာအကြီးအကဲ Keith Lerner က ဆိုသည်။

အကြောက်တရားကြီးထွားလာကာ အထူးသဖြင့် တရုတ်အစိုးရ၏သတင်းအချက်အလက်များကို ယုံကြည်မှုကင်းမဲ့လာခြင်းတို့ကြောင့် လူမှုမီဒီယာတွင် တရုတ်ကို ဆန့်ကျင်သော အမုန်းစကားများ လွှမ်းမိုးလာသည်။ စားသောက်ဆိုင်ကဲ့သို့ အများဆိုင်နေရာများတွင် "တရုတ်လူမျိုး ဝင်ခွင့်မပြု"ဆိုသည့် လူမျိုးရေးဝါဒီဆန်သည့် ဆောင်ပုဒ်များကို ကမ္ဘာ့နိုင်ငံအချို့တွင် တွေ့မြင်နေရပြီး တရုတ်အား ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့မှုအတွက် တာဝန်ရှိသည့်နိုင်ငံအဖြစ် ရှုမြင်နေကြခြင်းဖြစ်သည်။

မျက်မှောက်ရေးရာ မသေချာမရေရာမှုများက တစ်ကမ္ဘာလုံး၏ စီးပွားရေးတိုးတက်မှုနှင့် ရှယ်ယာဈေးကွက်များအတွက် စိုးရိမ်ဖွယ်ဖြစ်သည်။ S & P Global ၏ ခန့်မှန်းချက်အရ အမေရိကန်ပြည်ထောင်စုတွင် ဖေဖော်ဝါရီတတိယပတ်၌ နှစ်ရက်အတွင်း ဈေးကွက်တန်ဖိုး (၁.၇) ထရီလီယံ ဆုံးရှုံးမှုရှိသည်ဟု ဆိုသည်။ လန်ဒန်စတော့အိတ်ချိန်းမှ ထိပ်တန်းကုမ္ပဏီပေါင်း ၁၀၀ ၏ ရှယ်ယာအညွှန်းကိန်း (FTSE 100 index - The Financial  Times stock Exchange 100 Index ) မှာ (၂) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး တစ်နှစ်အတွင်း အဆိုးရွားဆုံးကျဆင်းမှုဖြစ်သည်။ အလားတူပင် ဂျာမနီမှ DAX၊ ပြင်သစ်မှ CAC 40 နှင့် ဂျပန် Nikkei 225 စသည့် ရှယ်ယာဈေးကွက်အညွှန်းကိန်းများသည်လည်း အကျဘက်သို့ ဦးတည်လျက်ရှိသည်။ တရုတ်နိုင်ငံတွင်သာမက ကမ္ဘာ့နေရာအတော်များများတွင် နေ့စဉ်နှင့်အမျှ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်နေသောကြောင့်  အဆိုပါကူးစက်ရောဂါ တစ်ကမ္ဘာလုံး ပျံ့နှံ့သွားမည်ကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေကြပြီး ကမ္ဘာ့စီးပွားရေးအတွက် စိုးရိမ်ဖွယ်ရာ ဂယက်ရိုက်မှုများ ရှိလာနိုင်ပေသည်။

(Jan Lehman မှာ ကလောင်အမည်ဖြစ်ပြီး အာရှရေးရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly