တရုတ်ပြင်ပမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အမြင့်ဆုံးနိုင်ငံ အီတလီ ဖြစ်လာ

တရုတ်ပြင်ပမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အမြင့်ဆုံးနိုင်ငံ အီတလီ ဖြစ်လာ

မတ် ၉။       ။ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ယမန်နေ့ မတ်လ ၈ ရက် တစ်ရက်တည်းမှာပဲ လူ ၁၃၃ ဦး ထပ်မံသေဆုံးပြီးနောက် ယခုအခါ သေဆုံးသူဦးရေ ၃၆၆ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် စုစုပေါင်းဟာလည်း ၂၅ ရာခိုင်နှုန်း တက်လာပြီး ၅,၈၈၃ ဦးကနေ ၇,၃၇၅ ဦးအထိ တက်လာခဲ့ကြောင်း အရပ်ဘက်ပြည်သူ့ကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ပါတယ်။

ဒါဟာ ဗိုင်းရပ်စ် ဖြစ်ပွားမှု ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ပြည်သူ သန်းပေါင်းများစွာအတွက် အခြေခံကျတဲ့ ဗိုင်းရပ်စ်ကာကွယ်ရေး အစီအမံတွေ အာဏာပိုင်တွေဘက်က ချမှတ်ပြီးနောက် ခုလို ကိန်းဂဏန်းတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ယခုအခါမှာတော့ အီတလီဟာ တရုတ်ပြင်ပမှာ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု အများဆုံးနဲ့ ကူးစက်မှု အများဆုံး နိုင်ငံဖြစ်နေပါတယ်။

လက်ရှိအချိန်မှာ အီတလီနိုင်ငံသား ၁၅ သန်းလောက်ကို စည်းမျဉ်းသစ်တွေအရ ခရီးသွားလာဖို့ အထူးခွင့်ပြုချက် တောင်းခံပြီးမှ သွားလာဖို့ အာဏာပိုင်တွေက ညွန်ကြားထားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ယင်းနိုင်ငံမှာ  စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ အားကစားခန်းမတွေ၊ ပြတိုက်တွေ၊ နိုက်ကလပ်တွေကို ပိတ်ထားဖို့ အစိုးရက  ညွန်ကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly