ခြိမ််းခြောက်ခံနေရတဲ့ ရွေးကောက်ပွဲ မဖြစ်စေရေး သတိကြီးစွာ ထားကြပါ

ခြိမ််းခြောက်ခံနေရတဲ့ ရွေးကောက်ပွဲ မဖြစ်စေရေး သတိကြီးစွာ ထားကြပါ
ဓားဖြင့်ခုတ်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းလွှတ်တော်အမတ်လောင်း ဦးနိုင်ငံလင်းကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ဓာတ်မှန်ရိုက်အပြီး ထွက်လာစဉ်် ။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)

အောက်တိုဘာလ ညပိုင်းက သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဲဆွယ်စည်းရုံးရေး အလှပြယာဉ်များ လှည့်လည်လာစဉ် လူူူတစ်ဦးက ဓါးနဲ့ လိုက်ခုတ်လို့ လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ပါတီဝင်အချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

တခါ ဒီကနေ့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပုံနှင့်တကွ တက်လာတဲ့ သတင်းတစ်ပုဒ်မှာက  ကျောက်ပန်းတောင်းမြို့မှာ မဲဆွယ်စည်းရုံးနေရေး လုပ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူတွေရှိရာကို ထွန်စက်တစ်စီး လမ်းပြောင်းပြန်ဝင်လာပြီး လူတစ်ယောက်က ရုန့်ရင်းကြမ်းတမ်းစွာ စိန်ခေါ်ဆဲမှု ဖြစ်ခဲ့တယ်လို့ တွေ့ရပါတယ်။

ဒီလို ဥပမာပေးရတဲ့ အချက်တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရယ်လို့ မဟုတ်ပါဘူး။ ဘယ်နိုင်ငံရေးပါတီကိုမဆို အခုလို တရားလက်မဲ့ ပြုလို့မရတဲ့ ကိစ္စများဖြစ်တယ်ဆိုတာ ပြချင်လို့ ဥပမာပေးလိုက်တာပါ။ ဒီအချက်တွေဟာ လာမယ့် ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်အောင် ခြိမ်းခြောက်လိုက်တဲ့ သဘောပါပဲ။

မိမိတို့နိုင်ငံက မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်က ၃၀ ရာခိုင်နှုန်းသာ မှန်တယ် အာမခံနိုင်တယ်လို့ ဝန်ခံထားတဲ့ မဲစာရင်းတွေအပေါ် မူတည်ပြီး ကျင်းပကြရမှာပါ။ ရွေးကောက်ပွဲ နီးလာလေလေ မဲစာရင်း မမှားတဲ့ နေရာရယ်လို့ မရှိလောက်အောင် ဖြစ်နေတာတွေကိုလည်း ဆက်တိုက် ကြားနေကြရပါတယ်။ ဒီလိုမှားနေတယ်ဆိုတဲ့ နေရာမှာ တချို့နေ ရာတွေမှာ တပ်မတော်သား မဲဆန္ဒရှင်စာရင်းတွေ ပိုများနေတယ်ဆိုတဲ့ သတင်းတွေ၊ မဲပေးပုံပေးနည်း ခက်ခဲလွန်းလို့ မဲပေးတဲ့ အလေ့အကျင့် မရှိခဲ့ကြဖူးသေးတဲ့ မဲဆန္ဒရှင်တွေအဖို့ ပယ်မဲဖြစ်ဖို့က များနေတဲ့ အကြောင်း ဥပမာ တံဆိပ်တုံးထုအပြီး မင်မခြောက်သေးခင် မဲကို ခေါက်လိုက်ရင် မင်စွန်းသွားစေမှာဖြစ်ပြီး ပယ်မဲဖြစ်နိုင်တယ်ဆိုတဲ့ အသေးစိတ် အခက်အခဲကအစ ဒီလို အခက်အခဲနဲ့ မှားယွင်းမှုတွေဟာ မဲဆန္ဒရှင်တွေကို စိတ်ရှုပ်ထွေးစေ၊ မသင်္ကာဖြစ်စေ၊ ဒေါသ ဖြစ်လာစေတဲ့အထိ တွန်းပို့သလို ဖြစ်စေနိုင်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးခဲ့စဉ်တုန်းက မဲစာရင်းတွေ နိုင်ငံမှားပို့တဲ့ အနေအထားကစပြီး မဲစာရင်း မပြည့်စုံတာတွေ မဲစာရင်း မှားနေတာတွေကြောင့် နိုင်ငံတကာမှာ အုတ်အော်သောင်းနင်း သတင်းတွေ ထွက်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ မကျေနပ်တဲ့ အသံတွေ ကြားခဲ့ကြရပါတယ်။

မဲဆွယ်စည်းရုံးစဉ် ကာလမှာ နိုင်ငံရေး ပါတီကြီးတစ်ခုက နိုင်ငံပိုင် သတင်းစာတွေ၊ နိုင်ငံပိုင်ကားတွေကို အသုံးပြု မဲဆွယ်စည်းရုံးကြတဲ့ သတင်းကိုလည်း တွေ့နေ ကြားနေကြရပါတယ်။ ဒါဟာလည်း တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ မဖြစ်အောင် ဖန်တီးနေသလိုပါပဲ။

သည်လို အခြေအနေမျိုးမှာ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ သည်လို ပြဿနာကို ထိန်းထိန်းသိမ်းသိမ်း လုပ်ရပါလိမ့်မယ်။ အနိမ့်ဆုံးအဆင့် ဥပဒေအရ အရေးယူတာမျိုးအပြင် ပြစ်မှုကျူးလွန်သူများ၊ ဥပဒေနဲ့ မညီညွတ်တဲ့ အပြုအမူများ မပြုလုပ်မိကြဖို့ တိုက်တွန်းရပါလိမ့်မယ်။ ရွေးကောက်ပွဲ နီးလာချိန်မှာ တနိုင်ငံလုံး စစ်မှန်ပြီး တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်လာစေရေး ဝိုင်းဝန်း ကူညီ ထိန်းသိမ်းကြဖို့ တိုက်တွန်း နှိုးဆော်သင့်ပါတယ်။

သို့သော်လည်းပဲ ကော်မရှင်ဥက္ကဋ္ဌရဲ့သတင်းဌာနတစ်ခုကို ထုတ်ဖေါ် ပြောဆိုတဲ့စကားမှာ အခြေအနေတွေကို ထိန်းဖို့ သဘောမပါရှိပဲ ပြဿနာတွေကို မျက်ကွယ်ပြုတဲ့သဘော မည်သည့် ပြဿနာမှ မရှိသည့်သဘော သက်ဝင်သည့်စကားကို ပြောသွားခဲ့ပါတယ်။

ငြိမ်းချမ်းမရယူနိုင်သေးတဲ့ နေရာနဲ့ သဘာဝဘေးဥပါဒ် ဖြစ်နေတဲ့ နေရာတချို့ကလွဲပြီး ကျန်ဒေသများမှာ တည်ငြိမ်စွာနဲ့ ရွေးကောက်ပွဲ လမ်းကြောင်းဟာ ဆက်သွားနေတဲ့သဘော ပြောခဲ့ပါတယ်။

မိမိတို့ အနေနဲ့ကတော့ ရွေးကောက်ပွဲဟာ လူတွေရဲ့ စိုးရိမ်မှု မသင်္ကာဖြစ်မှု၊ စိတ်ဝမ်းကွဲမှုနဲ့ ရှုပ်ထွေးမှုများအောက်မှာ သွားနေကြရတယ်လို့ ယူဆပါတယ်။ တရားဥပဒေကို ပြောင်စိန်ခေါ်မှု အောက်က ရွေးကောက်ပွဲ လမ်းကြောင်းပေါ် သွားနေကြရတယ်လို့ ယူူဆပါတယ်။

ဒါကြောင့်မို့ မိမိတို့ ပြည်သူများအနေနဲ့ကတော့ လာမယ့် ရွေးကောက်ပွဲကို အေးချမ်းမျှတစွာ ဖြစ်မြောက်စေရေး သတိကြီးစွာထား လျှောက်လှမ်း သွားနိုင်ကြဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags