တောင်ကိုရီးယားမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ဆေးရုံပို့၍ စောင့်ကြည့်မည်

တောင်ကိုရီးယားမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ဆေးရုံပို့၍ စောင့်ကြည့်မည်
South Okkalapa Township Info Committee NLD ပုံ - ဒယ်ဂူးမြို့က ပြန်လာသူ မြန်မာနိုင်ငံသား ၁၀ ဦးကို ခေါ်လာသော အရေးပေါ် လူနာတင်ကားကို တွေ့ရစဉ်။

ရန်ကုန်၊မတ်လ ၈။                 ။ တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ကနေ မြန်မာနိုင်ငံသို့ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးကို ကိုရိုနာဗိုင်းရပ်စ်(Covid-19) စောင့် ကြည့်လူနာအဖြစ် ထားရှိရန် မတ်လ ၈ ရက်က တောင်ဥက္ကလာမြို့နယ်၊ ၁၀ ရပ်ကွက်၊ မေတ္တာလမ်းပေါ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရ သည်။

အဆိုပါ မြန်မာနိုင်ငံသား ၁၀ ဦးကို ဆေးရုံတွင် တောင်ဥက္ကလာ အမျိုးသမီးနှင့် ကလေးဆေးရုံမှာ ၁၄ ရက်တာ စောင့်ကြည့် သွားမည် ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်စရာ မရှိကြောင်း တောင်ဥက္ကလာ အမျိုးသမီးနှင့် ကလေး ဆေးရုံ၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးက မဇ္ဈိမသို့ ပြောသည်။

“သူတို့ ဒီမှာပဲနေ ဒီမှာပဲ စားသောက် အေးအေးဆေးဆေးပေါ့၊ အဲ့ဒါပြီးလို့ ၁၄ ရက်ပြည့်ရင် ဘာမှမဖြစ်ဘူး ဆိုရင်တော့ သူတို့ရဲ့ အိမ်ကို ပြန်ပို့ပေးမှာပေါ့။ လာတုန်းကလည်း အားလုံးကောင်းပါတယ်၊ ရိုးရိုးလူတွေပါပဲ ကိုရီးယား နိုင်ငံ၊ ဒယ်ဂူး ဘက်က လာတာမလို့သာ စောင့်ကြည့်ရတာပါ”ဟု ၎င်းက ပြောသည်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံတွင် လူဦးရေ ၆၇၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရပြီး ကူးစက် ခံရသူများအနက် လူဦးရေ ၅၀၀၀ ကျော်မှာ ဒယ်ဂူးမြို့က ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အစိုးရမှ မတ်လ ၇ ရက် တွင် ထုတ်ပြန်ထား သည့် နောက်ဆုံးရ သတင်းများအရ သိရသည်။

ပုံ-  တောင်ဥက္ကလာ အမျိုးသမီးနှင့်ကလေးဆေးရုံကိုတွေ့ရစဉ်။ South Okkalapa Township Info Committee NLD

တောင်ဥက္ကလာ အမျိုးသမီးနှင့် ကလေးဆေးရုံတွင် အသစ် ဆောက်လုပ်ထားသည့် လေးထပ်ဆောင်သစ်ရှိ အောက်ဆုံး ထပ်တွင် တစ်ယောက် တစ်ခန်း၊ နှစ်ယောက် တစ်ခန်းများ စသည့် အခန်းများ၌ ထားရှိကာ ကျန်းမာရေး အခြေအနေကို စောင့်ကြည့် သွားမည်ဖြစ်ပြီး စောင့်ကြည့်ကာလ ကျော်လွန်ပါက ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည် ထွက်ခွာခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

ဆေးရုံအနီးရှိ ဒေသခံများကတော့ ဆေးရုံတွင် စောင့်ကြည့် လူနာများ ထားရှိမည့် အခြေအနေနှင့်ပတ်သက်ပြီး မီးဖွား မည့်သူများ၊ ကလေး သူငယ်များ၊ ဒေသခံများကို ထိခိုက်မှုများ ရှိလာမည်ကို စိုးရိမ်နေကြကြောင်း ဆို သည်။

ထိုအခြေအနေနှင့် ပတ်သတ်၍ စိုးရိမ်စရာ မရှိကြောင်း အသစ် တည်ဆောက်ထားသည့် ဆေးရုံ လေးထပ်ဆောင်တွင်သာ ထားရှိမှာ ဖြစ်ကြောင်း ဒေါက်တာ ဝင်းမော်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးကို ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စစ်ဆေးရန် ရန်ကုန်၊ အမျိုးသား ကျန်းမာ ရေး ဓာတ်ခွဲခန်းသို့ ဓာတ်ခွဲ နမူနာများ ပို့ဆောင်၊ စစ်ဆေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၇ ရက်က ည ၈ နာရီတွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly