အမေရိကန်အခြေစိုက် Termaxia ၏ Cloud Storage Technology ကို Frontiir က ဝယ်ယူ

အမေရိကန်အခြေစိုက် Termaxia ၏ Cloud Storage Technology ကို Frontiir က ဝယ်ယူ
ပုံစာ - အင်တာနက် ဝန်ဆောင်မှုပေးနိုင်ရန် နက်ဝက်များ ချိတ်ဆက်နေသော Frontiir ဝန်ထမ်း နှစ်ဦးကိုတွေ့ရစဉ် (ပုံ- Frontiir ဝက်ဆိုဒ်)

ရန်ကုန်၊ မတ်လ ၇။        ။ မြန်မာနိုင်ငံ၏ ထိပ်တန်းအင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော Frontiir (Myanmar Net)က  အမေရိကန်နိုင်ငံတွင် အခြေစိုက်သော Termaxia ၏ Cloud Storage Technology ကို ဝယ်ယူထားကြောင်း ကြေညာခဲ့သည်။

ထိုသို့ ဝယ်ယူရခြင်းမှာ လူအများအား ဈေးနှုန်းချိုသာသော ဒီဂျစ်တယ် ဝန်ဆောင်မှုများ၊ သတင်း အချက်အလက် ဝန်ဆောင်မှုများ ပေးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်ကွဲပြားမှုကို ကူညီပေးနိုင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝယ်ယူမှု တန်းကြေးမှာ မည်မျှရှိကြောင်းကိုတော့ Frontiir က ထုတ်ပြန်ခြင်း မရှိပါဘူး။

Frontiir ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဒေါက်တာဝေလင်းထွန်းက“ဤနည်းပညာ ရယူခြင်းနှင့်အတူ  ပို၍ အရေးကြီး သည်မှာ ကျွမ်းကျင်သူ ပညာရှင်များနှင့် ပူးပေါင်းခြင်းသည် Silicon Valley ရှိ ကျွန်တော်တို့၏ သုတေသနနှင့် ဖွံ့ဖြိုး တိုး တက် ရေးစင်တာနှင့် University of Pennsylvania အနီးရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကျောင်းဝန်းတို့ ပူးပေါင်း၍ ဖရန်တီးယား၏ တီထွင်ဆန်းသစ်မှု အရှိန်ကို တိုးချဲ့မြှင့်တင်ခြင်း ဖြစ် ကြောင်း၊ Dr. Liu နှင့် Dr. Loo တို့နှင့်အတူ ပူးပေါင်း၍ အများပြည်သူ တတ်နိုင်သော ဈေးနှုန်းဖြင့် အကောင်းဆုံးသော Cloud Service ဝန်ဆောင်မှုများကို အတူတကွ လုပ် ဆောင်ရန်အတွက် စိတ်လှုပ်ရှားမိကြောင်း၊ မိမိတို့ သည် အလွန်သက်သာပြီး လုံခြုံစိတ်ချရသော အင်တာနက် ဝန်ဆောင်မှု အား မြန်မာပြည်တွင် အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်”ဟု ပြောသည်။

Termaxia သည် စွမ်းအင်ချွေတာနိုင်ပြီး  Exabyte-scale သိုလှောင်မှုကို မြင့်မားသော စွမ်းဆောင်ရည်မြင့် software ဖြင့် ဒေတာသိုလှောင်မှု (Data Storage)ကို ကူညီဖြေရှင်း ပေးနိုင်မည် ဖြစ်သည်။အလားတူ Termaxia ၏ အဓိက ထုတ်ကုန် Software သည် စွမ်းဆောင်ရည်မြင့်မားပြီး ဒေတာသိုလှောင်မှု ပမာဏများစွာ သိမ်းဆည်းထားနိုင်သော Software တစ်ခု ဖြစ်ကြောင်း သိရသည်။

Termaxia ကုမ္ပဏီတည်ထောင်သူ Dr. Liu က “ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အင်တာနက် အသုံးပြုမှု တိုးပွားလာသည်နှင့်အမျှ Termaxia ၏ ဈေးနှုန်းသက်သာပြီး အသုံးဝင်သော ဒေတာသိုလှောင်မှု နည်းပညာသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဒေတာ အသုံး ပြုမှုအတွက် အလွန်သင့်လျော်သည်ဟု ကျွန်တော်တို့ ယုံကြည်တယ်။ Frontiir သည် ခေတ်မှီ နည်းပညာများနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုများကို ပေါင်းစပ်ထားသောကြောင့် ရှားပါးသောကုမ္ပဏီ တစ်ခုဖြစ်ပြီး Frontiir ၏ ရည်မှန်းချက် တစ်ခုမှာ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအကြား ဒစ်ဂျစ်တယ် ကွာဟမှုကို ပေါင်းကူးပေးရန်ဖြစ်သည်။ Termaxia အနေဖြင့် Frontiir မှ ဆက်လက် လျှောက်လှမ်းမည့် ခရီးတွင် အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ရမည့်အတွက် စိတ်လှုပ်ရှားမိပါသည်” ဟု ပြောသည်။

Termaxia ၏ Cloud based နည်းပညာသည် ဈေးကွက်တွင် တခြားသော နည်းပညာများထက် စွမ်းဆောင်ရည် သာလွန် ခြင်း၊ ကုန်ကျစရိတ် သက်သာခြင်းတို့ကြောင့် ယုံကြည်စိတ်ချရသော နည်းပညာ တစ်ခုဖြစ်သည်။

Termaxia ၏ ဒေတာ သိမ်းဆည်းမှု နည်းပညာ Software ကို ဝယ်ယူပြီးပါက Frontiir မှ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်း၏ အခြေခံ အဆောက်အအုံ နည်းပညာပိုင်းမှာ သိသာစွာ ပြောင်းလဲ တိုးတက်လာမည်ဖြစ်ပြီး အနာဂတ်တွင် ပေါ်ပေါက်လာမည့် Cloud Service အတွက် များစွာ အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့နောက် အမေရိကန်နိုင်ငံ၊ ဖီလာဒဲဖီးယား (Philadelphia) မြို့အနီးတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ အသစ် တစ်ခု ဖွင့်လှစ်ပြီး Frontiir အတွက် Cloud နှင့် ဒေတာစင်တာ (Data Center) နည်းပညာများ အား အာရုံစိုက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Termaxia ကုမ္ပဏီကို အမေရိကန်နိုင်ငံတွင် ထုတ်ဝေခွင့်နှင့် မူပိုင်ခွင့် စာတမ်းများစွာ ပိုင်ဆိုင်သော ဒေါက်တာ Changbin Liu နှင့် Dr. Boon Thau Loo (Professor, University of Pennsylvania) တို့က တည် ထောင်ခဲ့ခြင်း ဖြစ် ကြောင်း Frontiir မှ သိရသည်။

လက်ရှိတွင် Frontiir သည် တစ်ရက်လျှင် အင်တာနက် အဝသုံး ဝ.၁၃ ဒေါ်လာသာ ကျသင့်သည့် ဈေးနှုန်း အချိုသာဆုံး အင်တာနက် ဝန်ဆောင်မှုများ ပေးနေပြီး ယခုအခါတွင် သုံးစွဲသူပေါင်း ၁.၄ သန်း အထိ ရှိနေပြီ ဖြစ် ကြောင်း Frontiir ၏ ထုတ်ပြန်မှု အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly