သတင်းထောက်နှစ်ဦးကို ထိန်းသိမ်းခဲ့သူများအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ထားဟု BGF ပြော

သတင်းထောက်နှစ်ဦးကို ထိန်းသိမ်းခဲ့သူများအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ထားဟု BGF ပြော
ဓာတ်ပုံစာ- ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များကို ၎င်းတို့၏ ဌာနချုပ် ဆုံဆည်းမြိုင်တွင် တွေ့ရစဉ်(မဇ္ဈိမ)

ရန်ကုန်၊ မတ်လ ၈။           ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြည်တွင်း သတင်းထောက် နှစ်ဦးကို ဖမ်းဆီးခဲ့သည့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်(BGF)မှ တပ်ဖွဲ့ဝင် တချို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လ အမိန့် ချမှတ်ခဲ့ကြောင်း BGF မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး နိုင်မောင်ဇော်က မဇ္ဈိမသို့ ပြောသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)၏ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူက အရေးယူမည်ဟု ပြောပြီး နောက် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှာ ယခုလို အမိန့်ချမှတ်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

BGF မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး နိုင်မောင်ဇော်က “  ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့တဲ့ သူတွေကိုတော့ အစ်ကိုတို့ရဲ့ ဗဟိုအချုပ်မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ခြောက်လ၊ ပါဝင်ပတ်သက်ခဲ့တဲ့ စစ်ဆေးရခဲ့တဲ့ သုံးဦး ကိုတော့ တပ်ရင်း အချုပ်မှာ ချုပ်တယ်”ဟု ပြောသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) အဖွဲ့ဝင်များသည် မတ်လ ၄ ရက်နေ့က frontier မှ သတင်းထောက် နော်ဘက်တီဟန်နဲ့ မြန်မာတိုင်းမ်က ဓာတ်ပုံသတင်းထောက် ကိုမာနော်တို့အား ဓာတ်ပုံရိုက်သည့်ကိစ္စနှင့် ပတ် သက်ပြီး မြဝတီမြို့ အမှတ် ၁ နယ်စပ်ဂိတ်အနီးမှာ ထိန်းသိမ်းခဲ့ကြသည်။

ထိုသို့ ဖမ်းဆီး ထိန်းသိမ်းစဉ် BGF တပ်ဖွဲ့ဝင်ဟု ဆိုသူက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ထိပါး ခဲ့ ခြင်းကြောင့် ထိုသူကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပြီး ပါဝင် ပတ်သက်သူ သုံးဦးကိုတော့ အ လုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလစီ အသီးသီးချမှတ်ခဲ့ကြောင်း BGF မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးနိုင်မောင်ဇော် က ပြောသည်။

“အစ်ကိုတို့ တပ်ဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွှန်ကြားမှုအောက်မှာရှိတဲ့ တပ်မတော် တစ်ခုပဲ လေ။ အဲ့တော့ အစ်ကိုတို့က ဥပဒေပြင်ပ ဘာမှလုပ်လို့ မရဘူးလေ။ ဥပဒေနဲ့အညီသာ အစ်ကိုတို့ ဆောင်ရွက်ရ မှာ ပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ထိန်းသိမ်းခံခဲ့ရသော သတင်းထောက် နှစ်ဦးကို မတ်လ ၅ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့ သို့ ပြန်လည် ပို့ဆောင်ကာ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးနိုင်မောင်ဇော်က  “တစ်ဖက်နဲ့တစ်ဖက်က သဘောထား ကွဲလွဲမှုတွေ ဖြစ်သွားတာပေါ့နော်။ တစ်ဖက်က နည်းနည်းလေး နယ်မြေကျော်သွားတာတွေ၊ လုပ်ဆောင်ချက်တွေ သို့သော် ဒီဖက်မှာကလည်း ဥပဒေပြင်ပ လုပ်မိ တဲ့ အတိုင်းအတာတွေ ရှိတယ်။ ဒါလေးတွေကိုတော့ နောင်မဖြစ်အောင် အကောင်းဆုံး ကြပ်မတ် ထိန်းသိမ်းသွားမယ်”ဟု ပြောသည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ(MPC)တို့ တွေ့ဆုံ သွားရန် ရှိကြောင်း၊ မည်သည့် နေ့တွင် တွေ့မည်ကို တော့ မပြောနိုင်သေးကြောင်း BGF ဘက်က ပြောသည်။

MPC ၏ ပြန်ကြားရေးကော်မတီဝင် ဦးဇေယျာလှိုင်က “ဆရာတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမကြားရသေး ဘူး။ သူတို့က(BGF) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆီကိုတော့ သတင်းထောက် နှစ်ယောက် ကိစ္စနဲ့ ပတ် သက်ပြီး တင်ပြတယ်လို့ ကြားတယ်။ နောက်နောင် ဒါမျိုး ထပ်မဖြစ်ဖို့ကို ညှိနှိုင်းဖို့တော့ ရှိတာပေါ့။ အခု ချိန်ထိ သိရသလောက်ကတော့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ တွေ့ဖို့ကတော့ မရှိသေးဘူး” ပြောသည်။

သတင်းသမားများနှင့် ပတ်သက်ပြီး သတင်းမီဒီယာ ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းထားသည့်အတွက် သတင်းမီဒီယာ ဥပဒေကို BGF အနေဖြင့် လေးစား လိုက်နာသင့်ကြောင်း၊ ယခု ဖြစ်သွားသည့် ဖြစ်စဉ်မျိုး နောက်နောင် မဖြစ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly