COVID-19 ကိုရိုနာဗိုင်းရပ်စ်နဲ့ သတင်းအမှောင်ချရောဂါ

COVID-19 ကိုရိုနာဗိုင်းရပ်စ်နဲ့ သတင်းအမှောင်ချရောဂါ
Photos: EPA

ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၉ ခုနှစ်ဟာ ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာကို စစ်ကြေညာလိုက်တဲ့နေ့ပါပဲ။ အဲဒီနေ့မှာ COVID 19 လို့ နောင်အခါ အမည်ပေးခံရတဲ့ ထူးဆန်းတဲ့ တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံထားရတဲ့ ပထမဆုံး လူနာကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တွေ့ရှိခဲ့ပါတယ်။ ဝူဟန်မှာ တွေ့တာဆိုတော့ ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ဆိုပြီး ခေါ်ဝေါ်ခဲ့ကြပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်လို့ ဘာလို့ခေါ်လဲ

ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) ရဲ့ အဆိုအရ ကိုရိုနာဗိုင်းရပ်စ်တွေဟာ ဗိုင်းရပ်စ်အုပ်စုတစ်စုဖြစ်ပြီး Flu ခေါ်တဲ့ တုပ်ကွေးဖျား၊ ဆင်တူတဲ့လက္ခဏာတွေပြတယ်လို့ ဆိုတယ်။

အဲဒီလက္ခဏာတွေမှာ နှာရည်ယိုတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာနဲ့ အပြင်းဖျားတာတွေကနေစလို့ အဆုတ်ကို ပိုးဝင်တဲ့ ရုတ်တရက် ပြင်းထန်ပိုးကူးစက်စေတာ (ဝါ) နမိုးနီးယားအထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကိုရိုနာဆိုတဲ့စကားလုံးဟာ လက်တင်ဘာသာစကားက ယူထားတာဖြစ်ပြီး ‘ သရဖူ’ လို့ အဓိပ္ပါယ်ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တွေဟာ သူ့မျက်နှာပြင်ထိပ်မှာ သရဖူပုံစံအချွန်အတက်လေးတွေရှိတာကြောင့် အဲဒီလိုနာမည်ပေးလိုက်တာလို့ဆိုတယ်။ ကိုရိုနာဗိုင်းရပ်စ်လို့ပြောရင် လူသိများကြတာတွေမှာ အသက်ရှုလမ်းကြောင်းစနစ်ကို အပြင်းအထန်ထိခိုက်ခံစားရစေတဲ့ SARS နဲ့ အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ MERS တို့ ပါပါတယ်။ 

COVID-19 နောက်ဆုံးအခြေအနေ

အခုဖြစ်တဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ်ဟာ SARS ထက် အချိန်တိုအတွင်း ကူးစက်မှုမြန်ပြီး လူအသေအပျောက်လည်း ပိုများပါတယ်။   

မတ်လ ၈ ရက်၊ ၂၀၂၀ ပြည့်နှစ် မြန်မာစံတော်ချိန် မနက် ၁ နာရီ ၄၅ မိနစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ ထုတ်ပြန်ချက်အရ COVID 19 အဖျားရောဂါဟာ ကမ္ဘာတဝှမ်း လူပေါင်း ၁၀၄,၂၆၁ ဦးကို ကူးစက်ထားပြီး သေဆုံးသူ ၃,၅၂၆ ဦးရှိသွားပြီဖြစ်ပါတယ်။  

WHO ရဲ့ အကြီးအကဲဖြစ်တဲ့ ဒေါက်တာ တက်ဒရို့စ် ဂိုင်းဘရေးစီးယက်စ်က အခုလို လျင်လျင်မြန်မြန် ကူးစက်ခံနေရတာဟာ စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို သူက ပန်ကြားချက်တစ်ခုက ဒီရောဂါကပ်ကို တွန်းလှန်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနတွေတင်မကဘဲ လုံခြုံရေး၊ သံတမန်ရေးရာ၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ပြန်ကြားရေးနဲ့ အခြားသော ကဏ္ဍတွေ- အစိုးရအဖွဲ့တစ်ခုလုံး ပါဝင်သင့်တယ်လို့ ဆိုပါတယ်။ 

တစ်ချို့နိုင်ငံတွေက နိုင်ငံရေးသံဓိဌာန်တွေနဲ့ လုပ်ဆောင်ချက်တွေဟာ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုနဲ့ မယှဉ်သာအောင်ဖြစ်နေတဲ့အပေါ် WHO အနေနဲ့ စိုးရိမ်ကြောင်းလည်း သူက ပြောထားပါတယ်။

မြန်မာနဲ့ ကိုရိုနာဗိုင်းရပ်စ်

မြန်မာနဲ့ တရုတ်ဟာ ကီလိုမီတာ နှစ်ထောင်ကျော် ရှည်လျားပြီး မလုံခြုံတဲ့ နယ်စပ်မျဉ်းရှိနေပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နိုင်ငံ ၉၈ နိုင်ငံထဲမှာ ပါဝင်ခြင်းမရှိပါဘူး။ မတ်လ ၇ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုစစ်ဆေးချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ မရှိသေးပါဘူး။

တကယ်တော့ ဇီးရိုးဘတ်ဂျတ်ကျေးဇူးနဲ့ တရုတ်ခရီးသွားဆိုတာ မြန်မာနိုင်ငံမှာ တိုးလာလိုက်တာ အရင်နှစ်စာရင်းအရတောင် ခုနှစ်သိန်းရှိခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေတဲ့အချိန်မှာ တရုတ်ဘက်ကကော၊ မြန်မာဘက်ကပါ အသွားအလာမပျက်ရှိနေခဲ့ကြပါတယ် ။ နိုင်ငံတစ်ချို့က တရုတ်ခရီးသွားတွေကို ဗီဇာပိတ်ပင်မှုလုပ်ခဲ့ပေမယ့် မြန်မာကတော့ နှစ်နိုင်ငံဆက်ဆံရေးထိခိုက်မှာကိုစိုးပြီး မပိတ်ပင်ခဲ့ပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ကူးစက်မြန်ရောဂါနဲ့ပတ်သက်ပြီး  အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ အဆင့်သတ်မှတ်ခဲ့ပြီး လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ ကျင်းပတာ ရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမယ့် ဒီကပ်ဘေးမှာ တရုတ်ကို တရားလွန်မှီခိုနေရတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဆုံးရှုံးမှုကတော့ မဖုံးနိုင် မဖိနိုင်အောင် ဖြစ်ရပါတယ်။ တရုတ်နိုင်ငံကနေ ကုန်ကြမ်းတင်သွင်းတာကို အားကိုးနေရတဲ့ စက်ရုံ၊အလုပ်ရုံတွေဟာ ကုန်ကြမ်းပြတ်သွားတာကြောင့် ပိတ်ပစ်ခဲ့ရသလို တရုတ်ပို့ကုန်တွေလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ တရုတ်ကို တင်ပို့တဲ့ သီးနှံလုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေ ထိခိုက်ကုန်ပါတယ်။ အထည်ချုပ်စက်ရုံတစ်ချို့ပိတ်သိမ်းခဲ့တာက သီတင်းပတ် နှစ်ပတ်အတွင်းမှာကိုပဲ လုပ်သား ငါးထောင်ကျော် အလုပ်လက်မဲ့ဖြစ်သွားရပါတယ်။

ကွန်မြူနစ်ပါတီနဲ့ သတင်းအမှောင်ချမှု

ကူးစက်ရောဂါကပ်ဘေးအစမှာတော့ တရုတ်အာဏာပိုင်တွေဟာ သတင်းအမှောင်ချတာတွေ လုပ်ခဲ့ကြပါတယ်။ 

ဒီလိုအခြေအနေမှာ အဖြစ်မှန်ကို တင်ပြဖို့ ကြိုးစားတဲ့ ထင်ရှားတဲ့ဆရာဝန်တစ်ဦးက ဒေါက်တာ လီဝမ်လျန်းဖြစ်ပါတယ်။ ဝူဟန်ဗဟိုဆေးရုံကြီးက အထူးကုဆရာဝန် ဒေါက်တာ လီဟာ ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၁၉ ခုနှစ်က သူတို့ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ လူနာ ခုနှစ်ဦးကို ကုသပေးမှု မအောင်မြင်ကြောင်း လုပ်ဖော်ကိုင်ဘက်တွေကို WeChat ကနေတဆင့် အကြောင်းကြားတာ ပေါက်ကြားခဲ့မှုဖြစ်ခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေက သတင်းပေါက်ကြားမှုအတွက် ဒေါက်တာ လီကို ကောလဟလဖြန့်ချိတယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။ ရောဂါဆိုးနဲ့ပတ်သက်ပြီး ပထမဆုံး လူထုကို အသိပေးခဲ့တဲ့ ဒေါက်တာ လီကတော့ လူနာကနေတဆင့် COVID-19 ကူးစက်ခံရပြီး ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေ ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်က တိုင်းပြည်လူထုနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေကို ကြေညာခဲ့တာကတော့ ဝူဟန်မှာဖြစ်နေတယ်ဆိုတဲ့ “အမျိုးအမည်မသိ နမိုးနီးယား” ဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ သူတို့ဟာ ဟွာနန်းပင်လယ်စာစျေးကြီးကို စုံစမ်းခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် လူကနေ လူကို ရောဂါကူးစက်တာ ထင်ထင်ရှားရှား မတွေ့ရသလို ကျန်းမာရေးဝန်ထမ်း တစ်ဦးတစ်ယောက်မှ ရောဂါကူးစက်တာ မရှိဘူးရယ်လို့ ဆိုပါတယ်။ 

ဒီလိုပြောချိန်ဟာ တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံး ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံရသူဖြစ်လာတဲ့ လူနာတစ်ဦးကို တွေ့ရှိထားတယ်ဆိုတဲ့အကြောင်း စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကထက် သီတင်းပတ်တစ်ပတ်အကြာမှာဖြစ်ပါတယ်။ အဲဒီလူနာဟာ တရုတ်ပြည်ကနေလာတဲ့ တရုတ်နိုင်ငံသားဖြစ်ပါတယ်။

တကယ်လို့သာ ဒေါက်တာ လီ အပါအဝင် ဆရာဝန် ရှစ်ယောက်ဟာ မဖော်ထုတ်ခဲ့ဘူးဆိုရင် တရုတ်အစိုးရဟာ ဘယ်လောက်အထိ ဖုံးဖိထားမှာလည်းဆိုတာ မေးခွန်းထုတ်စရာပါပဲ။

ဇန်နဝါရီလ ၉ ရက်နေ့ကြမှသာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားနဲ့သေဆုံးသူရှိပါတယ်လို့ တရုတ်အာဏာပိုင်တွေက ကြေညာပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဝူဟန်မြို့နဲ့ ဟူပေးပြည်နယ်အာဏာပိုင်တွေက ခရီးသွားလာမှုတားမြစ်မိန့်ထုတ်လိုက်ပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကြမှသာ ဘေဂျင်းက တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းက ဒီရောဂါဟာ နိုင်ငံလုံးဆိုင်ရာ အကြပ်အတည်းရယ်လို့ဆိုပြီး သီးခြားကန့်သတ်ဇုံအဖြစ် လူသိရှင်ကြား ကြေညာပါတော့တယ်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ ကိုရိုနာဗိုင်းရပ်စ်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်ဝေတဲ့ ကျူးရှီ ဂျာနယ်ပါ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီရဲ့ မိန့်ခွန်း ဆောင်းပါးတစ်ပုဒ်အရဆိုရင် သမ္မတ ရှီကျင့်ဖျင်ဟာ ဇန်နဝါရီ ၇ ရက်နေ့က ဗိုင်းရပ်စ်ပိုးအသစ်ကူးစက်မှုနဲ့ပတ်သက်ပြီး ဘယ်လိုတိုက်ဖျက်ရမယ်လို့ ညွှန်ကြားချက်ပေးထားခဲ့တယ်လို့ ဆိုတယ်။ 

သမ္မတရှီ ညွှန်ကြားချက်ထွက်လာတဲ့နေ့ဟာ ဝူဟန်ကို သီးခြားကန့်သတ်ဇုံလုပ်လိုက်တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ မတိုင်ခင် သီတင်းပတ်နှစ်ပတ်အလိုကတည်းက ဖြစ်နေတယ်။ ဒါဆိုရင် ဝူဟန်နဲ့ ဟူပေးပြည်နယ် အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ပိုးကူးစက်မှုတွေမဖြစ်အောင် မထိန်းသိမ်းနိုင်ခဲ့ဘူး၊ သူတို့အပြစ်ပဲဆိုတဲ့ ဇာတ်လမ်းကို အားလျော့သွားစေပါတယ်။

ဒီတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းပုံ၊ ကမ္ဘာသူ ကမ္ဘာသားတွေ ဘေးအန္တရာယ်ကင်းရေးအတွက် သတင်းအချက်အလက်တွေပေးဖို့ စိတ်ဆန္ဒရှိမှုတွေနဲ့ပတ်သက်ပြီး သမ္မတ ရှီကျင့်ဖျင်ရဲ့ အခန်းကဏ္ဍဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။  

ဇန်နဝါရီ ၁၇-၁၈ တွေမှာ သမ္မတရှီကျင့်ဖျင် မြန်မာပြည်လာရောက်လည်ပတ်ခဲ့တော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို သတိပေးစကားဆိုခဲ့တာများကော ပြောခဲ့ပါရဲ့လား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly