ချင်းပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြရန် အာဆီယံနိုင်ငံများကို ချင်းဝန်ကြီးချုပ်ဖိတ်ခေါ်

ချင်းပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြရန် အာဆီယံနိုင်ငံများကို ချင်းဝန်ကြီးချုပ်ဖိတ်ခေါ်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဖလန်း၊ မတ် ၈။               ။ ချင်းပြည်နယ်သည် ပလက်ဝမှလွဲ၍ အေးချမ်းသည့် ပြည်နယ်ဖြစ်သည့်အတွက် လာရောက် ရင်းနှီးမြှုပ်နှံပေးကြ ရန် အာဆီယံနိုင်ငံများကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ဖိတ် ခေါ်လိုက်သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် အာဆီယံသံအမတ်များ၊ မီဇိုရမ်ပြည်နယ် တာဝန်ရှိသူ တချို့တို့ ချင်းပြည် နယ် ရိခေါ်ဒါရ်မြို့ကို လာရောက် လည်ပတ်ခဲ့သည့် မတ်လ ၇ ရက်နေ့ ပြည်နယ်ရိပ်သာ၌ တွေ့ဆုံစဉ် ချင်းပြည်နယ် ဝန်ကြီးချုပ်က အထက်ပါ အတိုင်း ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က “ ပလက်ဝကလွဲလို့ ချင်းပြည်နယ်ဟာဆိုရင် တကယ်ငြိမ်းချမ်း တဲ့ ပြည်နယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘယ်နေရာ မဆို သွားနိုင်လာနိုင်တဲ့ ဒေသဖြစ်တဲ့အတွက် ခရီးသွား လာရေး မှာ ရင်းနှီးမြှုပ်နှံချင်တယ်။ ဟိုတယ်တွေ ဆောက် ချင်တယ်။ ပူးပေါင်း ဆောင်ရွက်မယ်ဆိုလို့ရှိရင် အာဆီယံနိုင်ငံတွေကို ကျွန်တော်တို့ ဖိတ်ခေါ်လိုပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ်သည် ဟိုတယ်နှင့် ခရီးသွားလာရေး သာမက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဟိုက်ဒရိုပါဝါ၊ လေအား လျှပ်စစ် စသည့် အခန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်သော အနေအထားကောင်းများ ရှိနေသည့် ပြည်နယ် ဟု လည်း ၎င်းက ဆိုသည်။

ထို့အပြင် ချင်းပြည်နယ်နှင့် ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသရှိ ပြည်နယ်များနှင့် ကုန်စည် ကူးသန်းမှုများ ပိုမိုအဆင်ပြေစေရေး တံတားတည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြင့်နိုင်ရန် အိန္ဒိယအစိုးရကို တင်ပြ ပေးရန်လည်း ချင်းပြည်နယ်ဝန်ကြီးချုပ်က မြန်မာသံအမတ်အား တောင်းဆိုခဲ့သေးသည်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကြီး  ဦးမိုးကျော်အောင်က “ကုန်လမ်း ကုန်သွယ်ရေးက ဖွံ့ဖြိုးသင့် သလောက် မဖွံ့ဖြိုးသေးဘူးပေါ့နော်။ အဲ့ဒီ မဖွံ့ဖြိုးတဲ့ အကြောင်း က လည်း လမ်းပမ်း ဆက်သွယ်ရေး အဆင် မပြေခဲ့ တာတွေ ပြီးတော့ အိန္ဒိယဘက်ကလည်း သူတို့ လိုအပ်တဲ့ဟာ တွေ အခြေခံ အဆောက်အအုံ မရှိခဲ့တာ တွေကြောင့် ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကုလားတန်ဘက်စုံ စီမံ ကိန်း၊ နောက်ပြီးတော့ သုံးနိုင်ငံ အဝေး ပြေး လမ်းမ ကြီးနဲ့ လေကြောင်းတွေ၊ အိန္ဒိယနိုင်ငံဘက်ကလည်း အရှေ့ မျှော် ပေါ်လစီအရ ဒီဟာတွေကို လုပ် လာတယ်။ ဆိုတော့ ဒါတွေပြီးလို့ရှိရင် ကျွန်တော်တို့မှာ ကုန်သွယ်ရေးရော ခဏက ရင်းနှီးမြှုပ်နှံမှုရော နောက်ပြီး တော့ ကမ္ဘာ လှည့်ခရီးသွားမှုရော အများကြီး အလားအလာရှိပါတယ်” ဟု ပြောသည်။

မြန်မာ အပါအဝင် အာဆီယံ သံအမတ်များသည် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံအကြား နိုင်ငံတကာ တံခါးပေါက် အဖြစ် တရားဝင် ဖွင့်လှစ်ထားသော Rikhawdar -Zokhuthar နယ်စပ်ဂိတ်မှ တဆင့် မတ်လ ၇ ရက်နေ့မှာ မြန်မာ နိုင်ငံထဲသို့ လာရောက် လေ့လာခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထိုကိုယ်စားလှယ်များသည် အိန္ဒိယနိုင်ငံ၏ မဏိပူရပြည်နယ်သို့ သွားရောက်ခဲ့ ကြသလို အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နောက်ထပ် နယ်စပ်ဂိတ်ဖြစ်သည့် မိုရေး-တမူးဂိတ်သို့ သွား ရောက်ခဲ့ကာ လေ့လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly