မြန်မာ့လက်ရွေးစင်အသင်းနှင့် ယူ-၂၁ အသင်းတို့ ခြေစမ်းပွဲကို ပရိသတ်များ အခမဲ့ ကြည့်ရှုခွင့် ပေးမည်

မြန်မာ့လက်ရွေးစင်အသင်းနှင့် ယူ-၂၁ အသင်းတို့ ခြေစမ်းပွဲကို ပရိသတ်များ အခမဲ့ ကြည့်ရှုခွင့် ပေးမည်
လက်ရွေးစင်နည်းပြ ဂတ်ဇီဆီနှင့် ယူ-၂၁ နည်းပြ အဲရစ်ဝီလျံ တို့အား တွေ့ရစဉ် (ဓာတ်ပုံ- MFF)

အောက်တိုဘာ ၃၁၊ ရန်ကုန်။               ။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရန် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင် မည့် မြန်မာ ယူ-၂၁ အသင်းတို့ ခြေစမ်းပွဲကို ပရိသတ်များအား လက်မှတ်ရောင်းချမည် မဟုတ်ပဲ အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ပေးသွားမည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ကိုရဲမင်းဝင်းက ပြောသည်။

အဆိုပါ ခြေစမ်းပွဲကို လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့် အချိန်ကိုမူ သတ်မှတ်ရခြင်း မရှိသေးပေ။

“ လက်ရွေးစင်နဲ့ ယူ-၂၁ ခြေစမ်းပွဲက နိုဝင်ဘာ ၃ ရက်နေ့ လုပ်မှာပါ။ အချိန်တော့ ခုထိ မသတ်မှတ်ရသေးဘူး။ နောက်ကျအချိန်ဖြစ်ဖို့တော့ များတယ်။ ပွဲကို လက်မှတ်မရောင်းဖို့ စီစဉ်ထားပါတယ်။ ပရိသတ်တွေကို အခမဲ့ ပေးကြည့်မှာပါ။ အဓိကက ပြိုင်ပွဲကို ပရိသတ်များများ လာကြည့်စေချင်လို့ အခမဲ့ပြဖို့ စီစဉ်ဖြစ်တာပါ။ ရုပ်သံက ပြဖို့တော့ အစီအစဉ် မရှိသေးပါဘူး။ ခြေစမ်းပွဲဆိုပေမယ့် ပွဲက တကယ်ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာမှာပါ ” ဟု ကိုရဲမင်းဝင်းက ပြောသည်။

လက်ရွေးစင်နည်းပြသစ် ဂတ်ဇီဆီဖရိုင်းဒရစ်၏ မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် လိဂ်ပွဲစဉ်များ ရှိနေသည့်အတွက် လေ့ကျင့်မှုများ ပြုလုပ်ရခြင်း မရှိသေးပဲ လာမည့် နိုဝင်ဘာ ၂ ရက်နေ့တွင်မှ လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၃ ရက်တွင် ယူ-၂၁ အသင်း၊ နိုဝင်ဘာ ၇ ရက်တွင် ဟောင်ကောင်အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားပြီးနောက် နိုဝင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲသွားရောက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာ ယူ-၂၁ အသင်းမှာမူ နည်းပြချုပ်အဖြစ် အဲရစ်ဝီလျံက တာဝန်ယူဆောင်ရွက်ပြီး အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်၍ လာမည့် နိုဝင်ဘာ ၂၀ ရက်တွင် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly