အိန္ဒိယ၌ အသားစားကြက်မှ ကိုရိုနာကူးစက်နိုင်သည်ဆိုသည့် သတင်းမှားကြောင့် ရောင်းအားကျဆင်း

အိန္ဒိယ၌ အသားစားကြက်မှ ကိုရိုနာကူးစက်နိုင်သည်ဆိုသည့် သတင်းမှားကြောင့် ရောင်းအားကျဆင်း
Photos: AFP & EPA

နယူးဒေလီ၊ မတ် ၇

ကြက်တွေဟာ ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် အိန္ဒိယနိုင်ငံမှာ ကြက်သားရောင်းအား ၈၀ ရာခိုင်နှုန်းနီးပါးကျသွားတယ်လို့ သိရပါတယ်။

ကူးစက်ရောဂါကြောင့် ကြက်သားတွေကို မစားကြဖို့ သတိပေးထားတဲ့ သတင်းစကားတွေကို Facebook နဲ့ WhatsApp လို လူမှုမီဒီယာတွေပေါ်မှာ ပြီးခဲ့တဲ့သတင်းပတ်တွေက အကျယ်တဝင့် မျှဝေခဲ့ကြတာပါ။

ကြက်တွေဟာ Covid-19 ဗိုင်းရပ်စ်ကို သယ်ဆောင်ကူးစက်နိုင်တယ်ဆိုတာ သိပ္ပံနည်းကျအထောက်အထားမရှိသေးဘူးလို့ အိန္ဒိယအာဏာပိုင်တွေက ထပ်တလဲလဲ ဖြေရှင်းခဲ့ကြပေမယ့် အိန္ဒိယလူမျိုးနဲ့ စားသောက်ဆိုင်အတော်များများက ကြက်သားတွေ မဝယ်ကြတော့ပါဘူး။

“လူတွေက ကြက်သားကို အိမ်မှာလည်း ချက်မစားတော့ဘူး၊ အပြင်မှာလည်း ဝယ်မစားကြဘူး၊ ရောင်းအားကလည်း ၈၀ ရာခိုင်နှုန်းလောက်ထိကျသွားတယ်၊ ဇန်နဝါရီကလတည်းက စတာ၊ ဝယ်လိုအားလည်း မရှိတော့ဘူး၊ အသားနဲ့ကြက်ငှက်ရောင်းအား တစ်ဘီလံယံနီးပါး ဆုံးရှုံးရတယ်။”လို့ အိန္ဒိယကြက်ငှက်မွေးမြူရေးအသင်းအဖွဲ့မှ အတွင်းရေးမှူး Aulrez Alam က AFP ကို ပြောပါတယ်။

ကြက်တစ်ကောင်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၉ ခန့်ရှိပေမယ့် သန်းချီတဲ့မွေးမြူရေးသမားတွေအနေနဲ့ လက်ကားဈေးကွက်မှာ ၁၄ ဆင့်နှုန်းသာ ပြန်ရနေတယ်လို့ ဆိုပါတယ်။

မွမ်ဘိုင်းက ဟင်းစား သားစားကြက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့တဲ့အကြောင်း မီဒီယာအမျိုးမျိုးမှာ ဝေမျှထားကြပြီး ဒီသတင်းမမှန်ကန်ဘူးဆိုတာကို AFP ရဲ့ အချက်အလက်စစ်ဆေးတဲ့အဖွဲ့က ဖွင့်ချခဲ့ပါတယ်။

ကြက်သားသည်တစ်ဦးရဲ့ ပြောပြချက်အရ အရင်က နေ့စဉ်ကြက်ကောင်ရေ ၂၅၀ ကနေ ၃၀၀ အထိရောင်းခဲ့ရပေမယ့် အခု အကောင် ၅၀ လောက်သာ ရောင်းရကြောင်း အင်မတန်ရောင်းကောင်းတဲ့နေ့တောင် အကောင် ၁၀၀ လောက်ပဲ ရောင်းရတယ်လို့ သိရပါတယ်။

လူတွေက လူမှုမီဒီယာကို လွဲမှားစွာအသုံးပြုနေကြတဲ့အကြောင်း၊ စဉ်းစားချင့်ချိန်တတ်တဲ့သူတွေက ကြက်သားကို စားမြဲစားနေကြပေမယ့် တချို့တွေက ရောဂါကူးမှာကြောက်လို့ ရှောင်ကြတယ်လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။

အိန္ဒိယမှာ ကိုရိုနာကူးစက်ခံရသူ ၃၁ ဦးတွေ့ရှိထားပြီး ကမ္ဘာတစ်ဝှမ်းမှာ‌တော့ သေဆုံးသူ ၃,၄၀၀ ကျော်နဲ့ လူ ၁၀၀,၀၀၀ ခန့် ကူးစက်ခံထားရပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly