ဒေါ်လာဈေး ထပ်မံကျဆင်းလာပါက သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ထိခိုက်လာနိုင်

ဒေါ်လာဈေး ထပ်မံကျဆင်းလာပါက သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ထိခိုက်လာနိုင်

မတ်လ ၆။           ။ ပြည်တွင်းရှိ ပြည်တွင်းငွေလဲလှယ်နှုန်းထပ်မံကျဆင်းလာပါက မြန်မာနိုင်ငံ၏ သွင်းကုန်၊ ပို့ကုန်ကဏ္ဍကိုထိခိုက်လာနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ဆိုသည်။

မတ်လ ၆ရက်နေ့က ပြုလုပ်သောCovid - 19 ဂယက်ကြောင့် လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခြေအနေကိုတင်ပြသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လက်ရှိ ငွေလဲလှယ်မှုနှုန်းက အမေရိကန် တစ်ဒေါ်လာကို ၁၄၀၀ အောက်ကို ရောက်သွားပြီဖြစ်တယ်။ ဒီတိုင်းသာ ဆက်သွားမယ်ဆိုရင် သိပ်မကြာခင်မှာ ဒီထက်ပိုဆင်းလာမယ့် အနေအထားမှာရှိတယ်။ အဲ့ဒါသည် export စီးပွားရေးကို တော်တော်ကြီး ရိုက်ခတ်လာဦးမှာ ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

Covid 19 ဂယက်ကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအပါအဝင် စိုက်ပျိုးရေးနယ်ပယ်ရှိ သွင်းကုန်ထုတ်ကုန် ကဏ္ဍအထိပါ ရိုက်ခတ်လာနိုင်ကြောင်း ဦးအေးဝင်းက ပြောသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာကို နိုင်ငံခြားငွေလဲလှယ်မှုနှုန်းပမာဏဟာမထင်မှတ်တဲ့ပမာဏတစ်ခုအထိကို အလျင်အမြန် ပြောင်းလဲလာတယ်။ ကျွန်တော်တို့ဆီက Export က လယ်ယာထွက်ကုန်ပစ္စည်းတွေများတဲ့အတွက် လတ်တလောငွေကြေး အပြောင်းအလဲက တော်တော်ကြီးကို သိသာထင်ရှားတဲ့ ရိုက်ခတ်မှုကို စတင်ကြုံတွေရမှာ ဖြစ်ပါတယ်။”ဟု ဦးအေးဝင်းက ဆိုသည်။

လက်ရှိအမေရိကန် ဒေါ်လာလဲလှယ်မှုနှုန်းမှာ မတ်လရက်ပိုင်းအတွင်း တစ်ဒေါ်လာကို မြန်မာငွေ ၁၄၀၀ ကျပ်မှ ၁၃၅၀ ကျပ်သို့ ကျဆင်းနေခဲ့သည်။

ထိုသို့ ကျဆင်းလာနေသည့် အမေရိကန်ဒေါ်လာဈေးနှုန်းများကို ထိန်းညှိရန် လုပ်ငန်းရှင်များ ပူးပေါင်းပြီး ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြသွားမည်ဟု စီပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။

ဒေါ်လာလိုအပ်ချက်ကြောင့် ပြည်တွင်းတွင် ဈေးမြင့်တက်ခဲ့ပြီး လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ကုန်သွယ်မှုအချို့ ရပ်ဆိုင်းသွားခဲ့ပြီး ဒေါ်လာလိုအပ်ချက် နည်းပါးလာသောကြောင့် ဒေါ်လာဈေးကျလာရခြင်းဖြစ်သည်ဟုအစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများတင်သွင်း၊ ပို့ဆောင်သည့် REPASSA ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာဇာနည်မောင်မောင်က ပြောသည်။

“ဒေါ်လာဈေးတက်ခြင်း ကျခြင်းပေါ်မှာ Export သမားကသာသွားတာ Import သမားက နာသွားတာရှိမယ်။ ဒါမှမဟုတ် ပြောင်းပြန်လဲ ဖြစ်နိုင်တယ်။ အစိုးရကနေ ဈေးနှုန်းအတက်အကျကို အများကြီးမတက်သွားအောင် မကျသွားအောင် ထိန်းချုပ်သင့်တာပေါ့။ အတက်အကျကတော့ ရှိမှာပဲ။ ဒါပေမယ့် ဖြည်းဖြည်းတက် ဖြည်းဖြည်းကျ ဒီလိုသဘောပေါ့။”ဟု ဒေါက်တာဇာနည်မောင်မောင်က ပြောသည်။

ဒေါ်လာဈေးကျဆင်းလာမှုကို ထိန်းချုပ်နိုင်ရန်အတွက် ဗဟိုဘဏ်အနေနှင့် မတ်လ ၆ရက်နေ့ မနက်ပိုင်းက နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၃သန်း ဝယ်ယူခဲ့ပြီး လေလံအတွက် ပျှမ်းမျှ ငွေလဲလှယ်နှုန်းမှာ မြန်မာငွေ ၁၃၈၁ကျပ် ဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် မတ်လအတွင်းမှာ အမေရိကန် ဒေါ်လာ ၁၂ သန်း ဝယ်ယူခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly