ကော်ရှူခြင်းနဲ့ ဘေးထွက်ဆိုးကျိုး

ကော်ရှူခြင်းနဲ့ ဘေးထွက်ဆိုးကျိုး

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


လမ်းဘေး ချောင်ကလောင်တွေ၊ ကားမှတ်တိုင် နောက်ကွယ်လေးတွေ၊ လူသွားလူလာနည်းတဲ့ ဆင်ခြေဖုံးနေရာတွေမှာ ကော်ဘူးလေးတစ်ကိုင်ကိုင်နဲ့ လူငယ်တွေကို ၂၀၁၀ နောက်ပိုင်းမှာ အတွေ့ရများလာတာ သတိထားမိ ကြမယ်ထင်ပါတယ်။ အာဖရိကတိုင်းပြည်တွေကနေ စတင်လာတဲ့ ကော်ရှူခြင်း အလေ့အထ (Sniffing Glue) ဟာ မြန်မာပြည်က ဆင်းရဲနွမ်းပါးတဲ့ လူငယ်တွေအကြားမှာလဲ အတော်ခေတ်စားလာနေပြီလို့ ဆိုရမှာပါ။

ကော်ရှူတဲ့ အလေ့အထကို မြန်မာပြည်က မြို့ကြီးရှစ်မြို့လောက်မှာ တွေရတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အသက် ၁၁ နှစ်နဲ့ ၁၇ နှစ်အကြား လူငယ်တွေမှာ အများဆုံးတွေ့ရပြီးတော့ အများအားဖြင့် စက်ဘီးကျွတ်ဖာတဲ့ကော်၊ သစ်သားဆက်ကော်၊ ပိုက်ဆက်ကော်များကို အသုံးပြုကြတာများပါတယ်။ တချို့တိုင်းပြည်တွေမှာဆိုရင်တော့ Aerosol sprays၊ Cleaners နဲ့ အိမ်သုံးဓာတုဗေဒပစ္စည်းတွေကို ရှူရှိူက်တာမျိုးတွေ တွေ့ရတတ်ပါတယ်။

မြန်မာပြည်မှာတော့ ကော်ရှူတဲ့ လူငယ် အများစုဟာ လမ်းဘေးက လေလွင့်လူငယ်တွေ ဖြစ်ကြတာများပါတယ်။ ဒါပေမယ့် ဒီလိုလူငယ်တွေချည်း ကော်ရှူနေတယ်လို့တော့ ယတိပြတ် ကောက်ချက်ချလို့ မရပါဘူး။ ပိုမို အသက်အရွယ်ကြီးရင့်သူတွေ၊ ကျောင်းသားတွေနဲ့ လေ့လွင့်မဟုတ်တဲ့ လူတွေမှာလည်း ကော်ရှူတဲ့ အေ့လအထကို တွေ့မြင်နေရပါတယ်။

ကော်ရှူတဲ့သူတွေ အများဆုံး သုံးစွဲနေကြတဲ့ အမျိုးအစားတွေက (လယ်သာ၊ ရော်ဘာ၊ ချည်ထည်နဲ့ သစ်သားများအတွက် သုံးသည့်) TV Speial Adhesive၊ PS-LON Special Cement For PVC၊ Bossil Bs-500 PVC Solvent Cement နဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံထုတ် သံဘူးဝိုင်း ကော်ဘူး၊ သံဘူးဝိုင်း ညှစ်ဆေးကော်ဘူးတွေကို သုံးကြပါတယ်။ နောက်ပိုင်းမှာတော့ ဓာတ်ဆီ၊ ရေနံဆီတွေကို သုံးတာတွေလည်း ရှိပါတယ်။

အဓိကအားဖြင့်တော့ သူတို့ သုံးစွဲနေတဲ့ ကော်တွေမှာ Toluene၊ Acetone၊ Methyl Ethyl Ketone၊ Ethyl Acetate စတဲ့ ဓာတုပစ္စည်း လေးမျိုးပါဝင်နေလေ့ရှိပြီး သူတို့ ရှူရှိုက်နေတာဟာ ကော်ရှူရဲ့ အနံ့ကိုမဟုတ်ပဲ ဓာတုပစ္စည်း လေးမျိုးကို ရှူရှိုက်နေတာပါ။ ဒါကြောင့် အန္တရာယ်အလွန်များပြားနေတာဖြစ်ပါတယ်။ ဒီအရာတွေကို ၁၀ စက္ကန့်ကနေ ၁၅ စက္ကန့်လောက်အထိ တစ်ခါရှူရှိူက်လိုက်ရင် မိနစ်အနည်းငယ်အထိ High နေနိုင်ပါတယ်။

မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိတဲ့ သူတို့လေးတွေဟာ အစားထိုး ပစ္စည်းအဖြစ် စက်ဘီးဘီးဖာတဲ့ ကော် ဒါမှမဟုတ် ပိုက်ဆက်ကော်တွေကို ဈေးကွက်ထဲကနေ အလွယ်တကူဝယ်ယူပြီး လက်၊ ဘူးအတိုင်း ဒါမှမဟုတ် ပလတ်စတစ်အိတ်တွေထဲ ထည့်ကာ နှာခေါင်းနဲ့ အနံ့ခံ ရှူရှိုက်ကြတာဖြစ်ပါတယ်။ ဒီလိုအသုံးပြုခြင်းအားဖြင့် မူးယစ်ဆေးဝါး အသုံးပြုသလို စိတ်ခံစားမှုမျိုးကို ရရှိစေနိုင်ပါတယ်။
ဘာကြောင့် ကော်ရှူကြတာလဲ

ဒီအလေ့အထဟာ ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင်အတော်ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ ကော်က ထွက်လာတဲ့ အငွေ့က အဆိပ်အတောက် ဖြစ်စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။ ဒါ့အပြင် မူးဝေတာ၊ မှိန်းသွားတာမျိုးတွေလည်းဖြစ်ပေါ်နိုင်သလို နှစ်ရှည်လများ သုံးစွဲရင် ဦးနှောက်နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို အပြင်းအထန် ထိခိုက်နိုင်ပါတယ်။

လူတစ်ယောက်ဟာ ကော်ရှူထားတဲ့အချိန်တွေမှာဆိုရင်

  •     ဦးနှောက် လုပ်ဆောင်ချက် နှေးကွေးလာတာ၊
  •     အရက်သောက်စဉ်မှာ ခံစားရတဲ့ ခံစားချက်လိုမျိုး မူးယစ်ရီဝေလာတာ၊
  •     စကားပြောဆိုရာမှာ လေးလံလာတာ၊
  •     လက်တွေ့နဲ့ ကင်းကွာနေတာ၊
  •     အလိုလိုနေရင်း ပျော်နေတာ၊
  •     ခေါင်းတစ်ခုလုံး ဟာတာတာဖြစ်တာ၊
  •     အမြင်မှား အကြားမှားဖြစ်တာတွေ ဖြစ်ပေါ်နေနိုင်ပါတယ်။ ကော်ရှူကြတဲ့ လူငယ်တွေဟာ ဒီလိုစိတ်ခံစားချက်မျိုးတွေကို စွဲလန်းပြီး အသုံးပြုနေကြတာဖြစ်ပါတယ်။

ကျန်းမာရေးရှုထောင့်

ကော်ရှူတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာအများအပြားရှိပါတယ်။ အဲ့ဒီကျန်းမာရေး ပြဿနာတွေကတော့

  •     ဦးနှောက်ထိခိုက်တာ၊
  •     ခေါင်းကိုက်ခြင်း၊
  •     ကြောင်တောင်တောင်ဖြစ်တာ၊
  •     အသိစိတ်ကင်းလွတ်တာ၊
  •     ငြီးစီစီဖြစ်ပြီး အချိန်ကြာမြင့်စွာ ခေါင်းကိုက်တာ၊
  •     စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တာ၊
  •     ပျို့အန်တာ၊
  •     ရုတ်တရက် သေဆုံးတာ၊
  •     နားလေးတာ၊
  •     ခြေလက်အကြော အားနည်းတာ၊
  •     ခြေလက်များ ကြွက်တက်တာ၊
  •     ဗဟိုအာရုံကြောစနစ် သို့မဟုတ် ဦးနှောက်ပျက်စီးတာ၊
  •     အသည်းနဲ့ ကျောက်ကပ်ပျက်စီးတာ၊
  •     သွေးတွင်းအောက်ဆီဂျင် နည်းပါးတာ၊
  •     အသည်းရောင် အသားဝါ၊ HIV/AIDS နဲ့ အခြားသော ကူးစက်ရောဂါတွေ ကူးစက်ခံရနိုင်တာမျိုးတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။

လက်ရှိအချိန်မှာ တိုင်းပြည်အတွင်း ကော်ရှူတဲ့လူငယ် အရေအတွက် တိုးပွားလာနေတယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။ အဓိကအားဖြင့်တော့ မူးယစ်ဆေးဝါး မဟုတ်တဲ့အတွက် ကော်တွေဟာ ဈေးနှုန်းချိုချိုသာသာနဲ့ အလွယ်တကူ ဝယ်ယူလို့ ရနေတာကြောင့်ပါပဲ။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ကော်ရှူခြင်းကို တားမြစ်နိုင်တဲ့ ဥပဒေမျိုး၊ နည်းဥပဒေပြဌာန်းချက်မျိုးမရှိသေးပါဘူး။ ဥပဒေဖန်တီးနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ကော်ရှူတဲ့ အလေ့အထိကို တားဆီးဖို့နဲ့ ကော်ရှူနေကြတဲ့ လူငယ်တွေကို လမ်းကြောင်းမှန်ပေါ် ရောက်လာအောင် ပြန်လည်တည့်မတ်ပေးဖို့ အတွက် လုပ်ဆောင်စရာတွေ များပြားနေပါတယ်။ ထိန်းချုပ်ကိုင်တွယ်မှုတွေ လုပ်နိုင်စွမ်းမရှိသေးရင် ရေရှည်မှာ တိုင်းပြည်အနာဂတ်အတွင် ထိခိုက်နစ်နာမှုတွေ အများကြီးရှိလာမှာဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly