မတ် ၆။ ။ နီကာရာဂွာနိုင်ငံ မနာဂွာမြို့မှာ အမေရိကန်စတန့်သမား Nik Wallenda က ချော်ရည်တွေပွက်ပွက်ဆူနေတဲ့ မီးတောင်ရှင်ဝတစ်ခုကို ကန့်လန့်ဖြတ်ကာ ကြိုးတန်းလျှောက်ပြခဲ့တယ်လို့ သိရပါတယ်။
မနာဂွာမြို့ကနေ ၁၂ မိုင်အကွာမှာရှိတဲ့ အဲဒီ မာဆာရာမီးတောင်ဟာ အမြင့် ၂၀၈၃ ပေရှိပြီး ပွက်ပွက်ဆူနေတဲ့ချော်ရည်ပူတွေရှိတဲ့ ကမ္ဘာ့မီးတောင် ၈ ခုအနက် တစ်ခုဖြစ်ပါတယ်။
Wallenda ဟာ ငရဲတွင်းဝ လို့ခေါ်ကြတဲ့ အဆိုပါမီးတောင်ဝကို ဗုဒ္ဓဟူးနေ့ည ၈ နာရီ မိနစ် ၂၀ က စတင်ကာ ၅၅၀ မီတာ (ပေ ၁၈၀၀) အကွာအဝေးခန့် ကြိုးတန်းလျှောက် ဖြတ်ပြခဲ့တာဖြစ်ပြီး ၃၁ မိနစ်အကြာမှာ မီးတောင်ရဲ့အခြားတစ်ဖက်ကို အောင်မြင်စွာရောက်ရှိခဲ့ပါတယ်။
မီးတောင်ဝကထွက်နေတဲ့ အဆိပ်ဓာတ်ငွေ့တွေကို ကာကွယ်ဖို့ Wallenda ဟာ လေကာမျက်မှန်နဲ့ အသက်ရှူစက်တွေကိုလည်း သုံးခဲ့ရပါတယ်။
Wallenda ဟာ နာမည်ကျော် ဆပ်ကပ်အဖွဲ့နဲ့စတန့်မိသားစုဖြစ်တဲ့ Great Wallendas ရဲ့ ခုနစ်ဆက်မြောက်မျိုးဆက်ဖြစ်ပါတယ်။ မီးတောင်ဝကိုဖြတ်လျှောက်စဉ်မှာ လေပြင်းကြောင့် သူ့ဟန်ချက် အနည်းငယ်ပျက်ခဲ့ပြီး မျက်လုံးအကာအကွယ်တပ်ထားပေမယ့် ဓာတ်ငွေ့ဒဏ်ခံခဲ့ရတယ်လို့ သူကပြောပါတယ်။
Wallenda ဟာ နိုင်အာဂရာရေတံခွန်ကို ဖြတ်ပြီးကြိုးတန်းလျှောက်ပြခဲ့သလို ချီကာဂိုက တာဝါနှစ်ခုအကြားကိုလည်း မျက်လုံးအဝတ်စည်းပြီး ကြိုးတန်းလျှောက်ကာကူးပြခဲ့ပါတယ်။ အခုမီးတောင်ဝကို ဖြတ်ပြီးကြိုးတန်းလျှောက်ပြရတာ သူ့ဘဝမှာ အရှည်ကြာဆုံးနဲ့အန္တရာယ်အများဆုံး ဖြစ်တယ်လို့ Wallenda ကပြောပါတယ်။
အခုတစ်ခေါက်ကြိုးတန်းလျှောက်ပြတာကိုတော့ ဗီဒီယိုကင်မရာ ၁၇ လုံး၊ ဒရုန်းကင်မရာ ၄ လုံးတို့နဲ့ မှတ်တမ်းတင်ခဲ့ပြီး ABC ရုပ်သံရဲ့ Volcano Live အထူးအစီအစဉ်အနေနဲ့ ထုတ်လွှင့်ပြသခဲ့ပါတယ်။