ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးချယ်ပွဲကနေ အဲလိဇဘတ် ဝါရန်း နုတ်ထွက်

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးချယ်ပွဲကနေ အဲလိဇဘတ် ဝါရန်း နုတ်ထွက်
Photo  - AFP

မတ် ၆။         ။ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ရွေးပွဲကနေ ထွက်လိုက်ပြီ ဖြစ်ကြောင်း မက်ဆာချူးဆက် ဆိနိတ်တာ အဲလိဇဘတ် ဝါရန်းက ထုတ်ဖော်သွားခဲ့ပါတယ်။

ခုလို ဝါရန်းရဲ့ နုတ်ထွက်မှုကြောင့် ယခုအခါမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးချယ်ပွဲမှာ ဂျိုးဘိုင်ဒန်နဲ့ ဘာနီ ဆန်းဒါးစ် တို့ နှစ်ဦးတည်းသာ ကျန်ရှိပါတော့တယ်။

တချိန်တုန်းက ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းတွေထဲမှာ ရှေ့ဆုံးကနေ ပြေးခဲ့သူတစ်ဦးဖြစ်ခဲ့တဲ့ အဲလိဇဘတ် ဝါရန်းကတော့ ယခုအချိန်ကစလို့ သမ္မတလောင်း ရွေးပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ယမန်နေ့က ပြောသွားခဲ့ပါတယ်။

“သမ္မတနေရာအတွက် မဲဆွယ်မှုတွေကို ကျွန်မ ရပ်ဆိုင်းလိုက်ပါပြီ၊ ၂၀၂၀ သမ္မတ ရွေးပွဲမှာ ကျွန်မ မပါနိုင်တော့ပါဘူး၊ ဒါပေမယ့်လည်း ဒီတိုက်ပွဲ၊ ကျွန်မတို့ရဲ့ တိုက်ပွဲကတော့ အဆုံးသတ်မသွားသေးပါဘူး” လို့ အသက် ၇၀ အရွယ် ဝါရန်းက ပြောသွားပါယတ်။

ဒါ့အပြင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးချယ်ပွဲမှာ အဓိက ကိုယ်စားလှယ်လောင်းနှစ်ဦးအဖြစ် ကျန်ရှိနေတဲ့ ဒုသမ္မတဟောင်း ဘိုင်ဒန်နဲ့ ဗားမောင့် ဆိနိတ်တာ ဆန်းဒါးစ်တို့အနက် ဘယ်သူ့ကို ထောက်ခံသွားမလဲ ဆိုတာနဲ့ပတ်သက်လို့လည်း ဝါရန်းက ထုတ်ဖော်သွားခြင်း မရှိပါဘူး။

ခုလို ဝါရန်းရဲ့ နုတ်ထွက်မှုမတိုင်မီ ယမန်နေ့ကလည်း  နယူးယော့ခ် မြို့တော်ဝန်ဟောင်း ဘီလျံနာ မိုက်ကယ် ဘလွန်းဘာ့ဂ်ကလည်း ဒီမိုကရက်တစ် သမ္မတလောင်း ရွေးပွဲကနေ ထွက်ကြောင်း ထုတ်ဖော်ခဲ့ပါသေးတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly