ပါကစ္စတန်မှာ အဆောက်အအုံ ပြိုကျပြီး လူ ၁၁ ဦး သေဆုံး

ပါကစ္စတန်မှာ အဆောက်အအုံ ပြိုကျပြီး လူ ၁၁ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့ ကရာချိမှာ ငါးထပ် လူနေအဆောက်အအုံတစ်လုံး ကြာသပတေးနေ့က ပြိုကျရာ လူ ၁၁ ဦး အနည်းဆုံး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရကာ အပျက်အစီးပုံအောက် ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။

ပြိုကျတဲ့ အဆောက်အအုံဟာ ကနဦးက လေးထပ်တိုက်တစ်လုံးအဖြစ် တည်ဆောက်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကမှ ဆောက်လုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး နောက်ထပ် တစ်ထပ် ထပ်တင်ကာ တည်ဆောက်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

“သေဆုံးသူတွေမှာ အမျိုးသမီးနဲ့ ကလေးတွေပါ ပါဝင်တယ်။”ဟု အဘာစီရှာဟိဒ် အစိုးရဆေးရုံမှ ရဲမှုခင်းဆရာဝန် ကာရာအဘာစီက ပြောပါတယ်။

ပြိုကျတဲ့ တိုက်နဲ့ ဘေးချင်းကပ်က အိမ်နှစ်လုံးလည်း ပြိုကျပျက်စီးခဲ့တယ်လို့ ကျန်းမာရေး အကြီးတန်းတာဝန်ရှိသူ ဆာမာကူဆာက ပြောပါတယ်။

သေဆုံးသူ ၁၁ ဦး ရှိတာကို ဆာမာကူဆာက အတည်ပြုပြီး အပျက်အစီးပုံအောက် ပိတ်မိနေသူတွေ ရှိနေတာကြောင့် ကယ်ဆယ်ရေးသမားတွေက သူတို့ဆီ ရောက်ရှိဖို့ ကြိုးစားလျက် ရှိနေတယ်လို့ ပြောပါတယ်။

အဆောက်အအုံရဲ့ မိလ္လာစနစ်ကြောင့် ပြိုကျမှု ဖြစ်ရပုံရှိပေမယ့် နည်းပညာသုံး စစ်ဆေးမှုတွေ အပြည့်အဝ ဆောင်ရွက်ရဦးမှာ ဖြစ်တယ်လို့ အဆောက်အအုံတွေ စစ်ဆေးသူတစ်ဦးက ပြောပါတယ်။

ပါကစ္စတန်မှာ ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းတွေ အားနည်းတာနဲ့ ဆောက်လုပ်ရေး ပစ္စည်းဟောင်းတွေ သုံးစွဲတာတွေကြောင့် နိုင်ငံတစ်ဝန်းမှာ လမ်းနဲ့ အဆောက်အအုံတွေ ပြိုကျပျက်စီးမှုတွေ ဖြစ်လေ့ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly