ရော်နယ်လ်ဒင်ဟို ပတ်စ်ပို့စ်အတုကိုင်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ရှေ့နေဖြစ်သူ ငြင်းဆို

ရော်နယ်လ်ဒင်ဟို ပတ်စ်ပို့စ်အတုကိုင်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ရှေ့နေဖြစ်သူ ငြင်းဆို
Photos: AFP & EPA

ဘရာဇီးလ်နာမည်ကျော်ကစားသမားဟောင်း ရော်နယ်လ်ဒင်ဟိုရဲ့ ရှေ့နေက သူနဲ့ သူ့ရဲ့အကိုဟာ ပါရာဂွေးကို ဝင်ရောက်ဖို့ ပတ်စ်ပို့အတုတွေ အသုံးပြုကိုင်ဆောင်ခဲ့တယ်ဆိုတာကို ကြာသပတေးနေ့က ငြင်းဆိုခဲ့ပါတယ်။

ဘရာဇီးလ်ဂန္တဝင်ကစားသမားကြီးနဲ့ ညီအကိုတော်စပ်သူ ရောဘတ်တိုဟာ စာရွက်စာတမ်းအတုတွေ အသုံးပြုပြီး ပါရာဂွေးနိုင်ငံကို ဝင်ရောက်တယ်လို့ စွပ်စွဲခံရပြီးနောက် အဆွန်စီယွန်မြို့က အစိုးရရှေ့နေရဲ့ (၇)နာရီကျော်ကြာ မေးမြန်းခြင်းခံခဲ့ရပါတယ်။

ရော်နယ်လ်ဒင်ဟိုဟာ ဆင်းရဲငတ်မွတ်တဲ့ ကလေးတွေအတွက် ဖောင်ဒေးရှင်းတစ်ခုမှ ပါရာဂွေးမြို့တော်ကို လာရောက်ဖို့နဲ့ သူ့ရဲ့ စာအုပ်သစ်အရောင်းမြှင့်တင်ဖို့ ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ရော်နယ်လ်ဒင်ဟိုနဲ့ သူ့ရဲ့အကိုတို့ဟာ ပါရာဂွေးရှေ့နေ အဒေါဖို မာရင်းနဲ့အတူ နံနက်ပိုင်းအချိန်က ရှေ့နေရုံးကို သွားခဲ့ပါတယ်။

"သူတို့ဟာ ပါရာဂွေးမှာ ဆက်ရှိနေဖို့ ဆန္ဒအလျောက် ဆုံးဖြတ်ခဲ့ပြီး အစိုးရရှေ့နေရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ဖြစ်စဉ်တွေကို သူတို့ကိုယ်တိုင် တင်ပြတာပါ။"လို့ မာရင်းက ပြောပါတယ်။

ရော်နယ်လ်ဒင်ဟိုဟာ "သူပိုင်ဆိုင်တဲ့ စာရွက်စာတမ်းတွေအစား တခြားဟာတွေ အသုံးပြုဖို့ လိုအပ်မနေပါဘူး။"လို့ မာရင်းက ဆက်ပြောပါတယ်။

စုံးစမ်းမှုကို ဦးဆောင်နေတဲ့ စစ်ဆေးရေးအရာရှိ ဂီလ်ဘတ်တို ဖလေတက်စ်အရ အဖမ်းခံထားရသူ ဘရာဇီးလ်စီးပွားရေးသား ဆူဆာလီရာက ရော်နယ်လ်ဒိုကို နိုင်ငံကူးလက်မှတ်အတု ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆု နှစ်ကြိမ်ရကစားသမားဟောင်း ရော်နယ်လ်ဒိုနဲ့ သူ့အကို ရောဘတ်တိုတို့ဟာ ဗုဒ္ဓဟူးနေ့က သူတို့ရဲ့ တည်းခိုရာ ဟိုတယ်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

​​​​​​​

သူတို့ရဲ့ စာရွက်စာတမ်းအတုတွေကို အဆွန်စီယွန်လေဆိပ်ကို ရောက်ရှိလာချိန်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ အစိုးရရှေ့နေ ဖယ်ဒီရီဂို ဒေါဖင်နိုအရ သိရပါတယ်။

ရော်နယ်လ်ဒင်ဟိုဟာ ဘရာဇီးလ်တောင်ပိုင်းက Porto Alegre မြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ဖို့ သစ်ပင်တွေ ခုတ်လှယ်ခဲ့ပြီး သဘောဝဝန်းကျင်ထိခိုက်စေမှုနဲ့ ဒေါ်လာ ၂.၅ သန်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ဒဏ်ကြေးပေးဆောင်နိုင်ခြင်း မရှိတာကြောင့် ဘရာဇီးလ်အာဏာပိုင်တွေက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက သူ့ရဲ့ ပတ်စ်ပို့ကို သိမ်းယူခဲ့ပါတယ်။

သို့သော် ရှေ့နေ မာရင်းက ရော်နယ်လ်ဒင်ဟိုဟာ သူ့ရဲ့ ကိုယ်ပိုင်စာရွက်စာတမ်းတွေနဲ့အတူ ခရီးသွားလာခဲ့ပြီး ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ မရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ဘရားဇီးလ်သားနှစ်ဦးဟာ အဆွန်စီယွန်မြို့မှာ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေအပေါ် ကန့်သတ်ချက်တွေ မရှိဘူးလို့ မာရင်းက ထည့်သွင်းပြောဆိုသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly