ဆီးရီးယားမှာ အပစ်ရပ်ရေး တူရကီနဲ့ ရုရှား သဘောတူ

ဆီးရီးယားမှာ အပစ်ရပ်ရေး တူရကီနဲ့ ရုရှား သဘောတူ
Photo: AFP

ဆီးရီးယားမြောက်ပိုင်းမှာ အပစ်ရပ်ရေးအတွက် သဘောတူညီမှု ရရှိတယ်လို့ တူရကီနဲ့ ရုရှားနိုင်ငံတို့က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

လူသားချင်းစာနာထောက်ထားရေး ဘေးဒုက္ခတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပိုပြီးတင်းမာလာမှာကို စိုးရိမ်နေရတဲ့ သီတင်းပတ်အတန်ကြာ ပြင်းထန်တဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေး နှစ်ဖက်သဘောတူညီမှု ရရှိတာ ဖြစ်ပါတယ်။

မော်စကိုမှာ ခြောက်နာရီကျော်ကြာ ဆွေးနွေးပြောဆိုပြီးနောက်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တူရကီသမ္မတ တေယစ်အာဒိုဂန်တို့ဟာ သောကြာနေ့ ညလယ်မှစလို့ အသက်ဝင်မယ့် အပစ်ရပ်ရေးကို သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ သဘောတူညီချက်မှာ ဆီးရီးယားမြောက်ပိုင်း အဓိက M4 အဝေးပြေးလမ်းမကြီးတစ်လျှောက် လုံခြုံရေးစင်္ကြံ တည်ဆောက်ရေးလည်း ပါဝင်ပြီး မတ် ၁၅ ရက်ကစလို့ အဲဒီအရပ်မှာ တူရကီနဲ့ ရုရှားတပ်တွေ ပူးတွဲကင်းလှည့်စောင့်ကြပ်သွားမှာ ဖြစ်ပါတယ်။

အခု သဘောတူညီချက်ဟာ ရုရှားကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယားအစိုးရတပ်တွေကို တူရကီက တိုက်စစ်ဆင်လျက်ရှိတဲ့ အရှေ့မြောက်ပိုင်း အီဒလစ်ပြည်နယ်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ရည်ရွယ်ပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ထွက်ပြေးတဲ့ အရပ်သားပေါင်း တစ်သန်းနီးပါး ရှိပြီး တူရကီစစ်သား ဒါဇင်များစွာလည်း ကျဆုံးခဲ့ပါတယ်။

သမ္မတ အာဒိုဂန်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ ပူတင်က ဆွေးနွေးပွဲကနေ ဖော်ဆောင်ခဲ့တဲ့ အခု သဘောတူညီချက်ဟာ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ကောင်းမွန်တဲ့ အခြေခံပဲ ဖြစ်ပြီး အရပ်သားတွေ ထိခိုက်ခံစားရတာတွေ အဆုံးသတ်စေဖို့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

“ဆိုးဝါးလာနေတဲ့ လူသားချင်းစာနာထောက်ထားရေး ပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့ ရည်ရွယ်တဲ့ သဘောတူညီချက်ဖြစ်ပါတယ်။”လို့ သမ္မတ အာဒိုဂန်ကလည်း ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly