ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံရမည့်သူများကို ထားရန် တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကို ပြင်နေ

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံရမည့်သူများကို ထားရန် တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကို ပြင်နေ
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ မတ် ၅။               ။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရှိ/မရှိ ၁၄ ရက် စောင့်ကြည့်မှုပြုလုပ်ရန် တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့် ကလေး ဆေးရုံကြီးရှိ တည်ဆောက်ပြီး လူနာမထားရှိရသေးသော လေးထပ် အဆောက်အအုံ သစ်ကို ပြင်ဆင်နေကြောင်း တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက မဇ္ဈိမကို ပြောသည်။

ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက “ကျွန်တော်တို့ အခုလောလောဆယ် အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်နေပါတယ်။ ဆေးရုံသစ်ကြီးမှာ လေးထပ်ရှိတယ်။ သုံးထပ်ကို အဲ့လို လူ နာတွေကို ထားဖို့ ပြင်ဆင်နေတယ်။ ပြင်ဆင်တဲ့အခါမှာ ဝေဘာဂီဆေးရုံပုံစံမျိုး ရအောင် ပြင်ဆင်နေပါတယ်။ ဒါပြီးရင်တော့ အဲ့ဘက်မှာ ဖြစ်ပွားတဲ့ နိုင်ငံတွေကလာပြီး ရောဂါမဖြစ်သေးပေမယ့် စောင့်ကြည့်ရမယ့် လူနာတွေ အဲ့ဒီလိုလူတွေကို ထားမှာဖြစ်ပါ တယ်။ ရောဂါရှိတဲ့သူတွေကို ထားမှာမဟုတ်ပါဘူး။ ရောဂါမရှိဘဲ ၁၄ ရက် စောင့်ကြည့်ရမယ့် သူတွေကို ထားမှာပါ” ဟု ပြောသည်။

တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးဘေးရှိ အဆိုပါ လေးထပ် အဆောက်အအုံသစ်တွင် အထပ်သုံးထပ်ကို Hospital Quarantine (ဆေးရုံတွင် အသွားအလာ ပိတ်ပင်စောင့်ကြည့်ရန်) စီစဉ်ထားကြောင်း သိရသည်။

ဓာတ်ပုံ - ဖူးအိအိနွယ်

ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးက“ကျွန်တော်တို့ တစ်ထပ်ကို တစ်ရက်၊ နှစ်ရက်အတွင်း ပြီးစီးအောင် ဆောက်မယ် ပေါ့နော်။ အဲ့ဒါပြီးရင် ကျန်တဲ့ အထပ်တွေ လည်း ဆက်သွားမှာပေါ့။ ပြီးစီးသွားရင် အဲ့ဒီတစ်ထပ်က ၁ဝ ယောက်ထားလို့ ရမယ်။ ဝေဘာဂီမှာ လောလောဆယ် ၁ဝ ယောက် ရှိတယ်။ အဲ့ဒီသူတွေက ဒီဘက်ကို ရောက်လာမှာပါ။ ဆေးရုံတွင် အသွားအလာ ပိတ်ပင်စောင့်ကြည့်ခြင်းအားဖြင့် လူထုထဲကို ပျံ့နှံ့သွားမှုမရှိဘူးပေါ့” ဟု ပြောသည်။

တရုတ်နိုင်ငံပြင်ပ တောင်ကိုရီးယား၊ အီတလီ၊ ဂျပန်၊ အီရန် စသည့် နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် အစုလိုက် အပြုံလိုက် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့သောကြောင့် မြန်မာနိုင်ငံတွင် ကူးစက်မှုဖြစ်ပွားပါက မြန်မြန်ဆန်ဆန် သိရှိပြီး ထိန်းချုပ်နိုင်ရန် ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာခင်ခင်ကြီးက ပြောထားသည်။

လက်ရှိတွင် ဝေဘာဂီဆေးရုံကြီး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာရှိသူများ၊ သံသယလူနာနှင့် စောင့်ကြည့်လူနာများ အပြင် Hospital Quarantine (ဆေးရုံတွင် အသွားအလာ ပိတ်ပင်စောင့်ကြည့်) မှုကိုပါ ပြုလုပ်လျက် ရှိရာ နောက်ပိုင်းတွင် Hospital Quarantine (ဆေးရုံတွင် အသွားအလာ ပိတ်ပင်စောင့်ကြည့်) မှုကို တည်ဆောက်ပြီးသော်လည်း လူနာများ မထားရှိရ သေးသော တောင်ဥက္ကလာပရှိ မိခင်နှင့်ကလေးဆေးရုံ လေးထပ်ဆောင်၊ လှည်းကူးကွင်းဆင်း သင်တန်း ကျောင်းများတွင် ထားရှိရန် ပြင်ဆင်နေပြီး ဖောင်ကြီး သင်တန်းကျောင်းတွင်လည်း ထားရှိနိုင်ရန် ဆက်သွယ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဝေဘာဂီ ကူးစက်ရောဂါ ဆေးရုံကြီးတွင် ရောဂါလက္ခဏာရှိသူများ၊ စောင့်ကြည့်လူနာနှင့် သံသယ လူနာများကို သာ ထားရှိတော့ မည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly