ဝန်ကြီးများစီးမည့် Ford ကား ဘတ်ဂျက်ဖြင့် တည်ဆောက်သည့် လူကူးခုံးကျော်တံတား

ဝန်ကြီးများစီးမည့် Ford ကား ဘတ်ဂျက်ဖြင့် တည်ဆောက်သည့် လူကူးခုံးကျော်တံတား
ဓာတ်ပုံ - ချမ်းငြိမ်း

ရန်ကုန်၊ မတ်လ ၅။         ။ ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများစီးမည့် Ford ကား ဝယ်ယူရန် စီစဉ်ထားသည့် ဘတ်ဂျက်ငွေမှ ခေါင်းစဉ်ပြောင်းလဲကာ တည်ဆောက်ခဲ့သော ဒေါပုံမြို့နယ် ယမုံနာ လူကူးခုံးကျော်တံတားကို မတ်လ ၅ ရက် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ လူကူးခုံးကျော်တံတားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက မဟာဗန္ဓုလတံတားအဆင်း သင်္ဘောကျင်း မှတ်တိုင်အနီးတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သာကေတမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က“ ၁၇-၁၈ ဘဏ္ဍာနှစ် ကစပြီးတော့ ဘတ်ဂျက်တင်တာပါ။ ၁၈-၁၉ မှာ ဘာဖြစ်လာလလည်းဆိုတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က Ford ကားတွေစီးဖို့ တစ်စီးကို သိန်းတစ်ထောင်နဲ့ ၁၀ စီးတင်တဲ့အခါမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တွေက ဒါကတော့ မစီးသင့်ဘူး။ ကြုံရာနဲ့စီးဖို့ဆိုပြီး သိန်းတစ်သောင်းကို ကန့် ကွက်ခဲ့တယ်။ ပြည်ထောင်စုအစိုးရက ချပေး တဲ့အတွက် ခေါင်းစဉ် ပြောင်းပြီးတော့ မဖြစ်မနေ ခုံးကျော်တံတားကြီးကို ခွင့်ပြုပါဆိုပြီး တင်လိုက်တာပါ” ဟု ပြောသည်။

ဒေါပုံမြို့နယ် ယမုံနာ လူကူးခုံးကျော်တံတား တည်ဆောက်ရေးနှင့်ပတ်သက်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒီနေရာဟာ ဒေါပုံမြို့ရဲ့ အဝင်ဆုံချက် နေရာဖြစ်ပါတယ်။ လမ်းမကြီးတွေ ဆုံဆည်းရာ နေရာဖြစ်သလို တံတားကြီးနှစ်စင်း ဆုံပြီး ဒီဘက်ကို ဆင်းလာ တာ လည်း ဖြစ်ပါတယ်။ ယခင် က ဒီနေရာက ဗန္ဓုလတံတားဘက်က ဆင်းလာရင် အင်မတန်မှ အန္တရာယ်ဖြစ်စေနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာကို ပြည်သူလူထုတွေ သွားလာရ လွယ်ကူအောင် ပိုပြီး အဆင်ပြေ ချောမွေ့စေဖို့အတွက် ယာဉ်ကြော ကြပ်တည်းမှုကို လေ့လာနိုင်တဲ့ အင်ဂျင်နီယာတွေ စနစ်တကျ လေ့လာဆန်းစစ်ပြီးမှ ဒီနေရာကို ဘယ်လိုပြင်ဆင် ဆောင် ရွက် ကြမလဲဆိုတာကို ဆောင်ရွက်ခဲ့ တာဖြစ်ပါ တယ်”ဟု ပြောသည်။

အဆိုပါ ယမုံနာ ခုံးကျော်တံတားမှာ အမြင့်ပေ ၁၈ ပေရှိပြီး စက်လှေကား သုံးစင်း တပ်ဆင်ထားကြောင်း သိရသည်။

ထိုယမုံနာ ခုံးကျော်တံတား ကုန်ကျငွေမှာ မည်မျှဆိုတာ မသိရပေ။သို့သော်လည်း ထိုခုံးကျော်တံတားကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများ Ford ကားများ ဝယ်ယူ အသုံးပြုရန် ကျပေးထားသော ကျပ်သိန်း ပေါင်း တစ်သောင်း ထဲကနေ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly