နှစ်ပတ်အတွင်း အထည်ချုပ်လုပ်သား ငါးထောင်ကျော် အလုပ်လက်မဲ့ဖြစ်

နှစ်ပတ်အတွင်း အထည်ချုပ်လုပ်သား ငါးထောင်ကျော် အလုပ်လက်မဲ့ဖြစ်
Photo - EPA

မတ်လ ၅။          ။ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံ ၃ရုံ ကုန်ကြမ်းပြတ်လပ်သည်ဟုဆိုကာ ဖေဖော်ဝါရီလအတွင်း ပိတ်သိမ်းခဲ့သောကြောင့် အထည်ချုပ်လုပ်သား ၅၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM)မှ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
 
မတ်လ (၅)ရက်နေ့တွင် ကျင်းပသည့် ကုန်သည်၊ လုပ်ငန်းရှင်များ၊ အလုပ်သမားသမဂ္ဂများနှင့် အစိုးရအဖွဲ့ဝင်များ (၃)ပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးသည့် တွေဆုံပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုလို ပြောဆို ခဲ့ခြင်း ဖြစ်သည်။
 
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)မှ ဥက္ကဋ္ဌ ဦးမောင်မောင်က “ကျွန်တော်တို့အဖွဲ့ထဲမှာပါတဲ့ စက်မှုလုပ်ငန်းအဖွဲ့ချုပ် (Industrial Workers’ Federation of Myanmar)မှာ ဒေါ်ခိုင်ဇာအောင် ဆိုတာ ရှိပါတယ် သူမနက်ကပြောတဲ့စကားအရ ဒီနှစ်ပတ်အတွင်းမှာပဲ စက်ရုံပိတ်လို့ အလုပ်ရပ်ဆိုင်းသွားတဲ့သူအားလုံး ငါးထောင်လောက် ရှိတယ်လို့ ပြောပါတယ်”ဟု ၎ကဆိုသည်။
 
တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ကြမ်းပြတ်လတ်မှုကြောင့်ဟုဆိုကာ ဖေဖော်ဝါရီလအတွင်းတွင် စက်ရုံသုံးရုံ အပြီးပိတ်သိမ်းခဲ့ကြသည်။ ထိုစက်ရုံများမှာ လှိုင်သာယာမြို့နယ်ရှိ ဟန်တာ မြန်မာ အထည်ချုပ်စက်ရုံ၊ Lucky Sky အိတ်စက်ရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်ကျေးရွာရှိ ဟွာမှုန်အထည်ချုပ်စက်ရုံတို့ ဖြစ်သည်။
 
ထိုစက်ရုံ သုံးရုံအနက် Lucky skyအိတ်စက်ရုံမှာ ကုန်ကြမ်းပြတ်လပ်မှု စာရင်းကို သေချာမသိရှိရဘဲ အလုပ်ရှင်နှင့် အလုပ်သမား ပြသာနာအချို့ ကြောင့် ပိတ်သိမ်းခဲ့ရသည်ကို စုံစမ်းသိရှိရကြောင်း ဦးမောင်မောင်က ဆိုသည်။
 
“ကန်ကြီးထောင့်ကတော့ ရုတ်တရက် ဒိုင်း ဒိုင်း ဒိုင်းဆိုပြီး ပိတ်သွားတယ် စာရင်းမရှိလိုက်ဘူး ညှိနှိုင်းမှုမရလိုက်ဘူး Lucky Sky လည်း ဒီတိုင်းပဲ သို့သော် Lucky Sky ကကုန်တွေကိုတော့ ကြာဟောင်လားဘာလားမသိဘူး သူရဲ့ လက်ခွဲကို ဆက်ပို့ပြီးတော့ ချုပ်နေတယ်ကြားတယ်”ဟု ဦးမောင်မောင်က ပြောသည်။
 
ထိုသို့ ဖြစ်စဉ်များကြောင့် အမှန်တကယ် ကုန်ကြမ်း ပြတ်လပ်မှုရှိ၊ မရှိကို အစိုးရက စိစစ်ပေးပြီးမှသာလျှင် စက်ရုံပိတ်သိမ်းခွင့်ပြုပေးရန် အလုပ်သမားအရေးကို ဆောင်ရွက်နေသည့် အဖွဲ့(၁၀)ဖွဲ့က ပူးပေါင်းကာ မတ်လ(၃)ရက်နေ့က တောင်းဆိုထားခဲ့သည်။
 
လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံပိုင်ရှင်အချို့မှာ ဧပြီလကုန်အထိ အထည်ချုပ်လုပ်သားများ အလုပ်လုပ်နိုင်ရန် အချိန်ပိုမခေါ်တော့ဘဲ ပုံမှန်အချိန်တွင်သာ လုပ်ငန်းဝင်စေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
 
“စက်ရုံတော်တော်များများက ဒီကုန်ကြမ်းပြတ်တဲ့ အခြေအနေကို အလုပ်သမားတွေ အလုပ်ရဖို့ ဆွဲဆန့်ချင်တဲ့အခါကျတော့ ဧပြီလအထိ အလုပ်လုပ်နိုင်အောင် အခုကစပြီး တနေ့ကို အလုပ်ချိန် ၈နာရီနဲ့ အချိန်ပို ၂နာရီမှာ အချိန်ပို ၂နာရီကို လျော့လုပ်တဲ့ စက်ရုံတွေ တော်တော်များလာပြီ၊ စနေမှာ ပုံချိန်အလုပ်ချိန် ၄နာရီကို တစ်ရက်စာပေးပြီး နောက်၄နာရီကို နောက်တစ်ရက်စာ ထပ်ပေးတဲ့ စက်ရုံတော်တော်များများကလည်း စနေမှာ လေးနာရီ ပဲလုပ်တော့ အလုပ်သမားတွေအတွက် တစ်ရက်စာ နစ်နာသွားတယ်ပေါ့”ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
 
မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများသို့ တင်ပို့နေသော အထည်ချုပ်လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၏ ၉၀ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံမှ အများဆုံးမှာယူကြသည်။
 
အထည်ချုပ်လုပ်ငန်းတွင် လိုအပ်သည့် ပိတ်လိပ်  နှင့် Assories များမှာ တရုတ်နိုင်ငံအပြင် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီရှားနိုင်ငံများမှလည်း တင်သွင်းရနိုင်ပြီး ဝယ်သူ၏ သဘောအ ရသာ နိုင်ငံအလိုက် တင်သွင်းပြီးမှ ချုပ်လုပ်ရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required