အင်ဒိုနီးရှားတွင် masks များ အလုအယက် ဝယ်ယူနေကြခြင်းကြောင့် ရဲက masks သန်းဝက်ကျော်ကို သိမ်းဆည်း

အင်ဒိုနီးရှားတွင် masks များ အလုအယက် ဝယ်ယူနေကြခြင်းကြောင့် ရဲက masks သန်းဝက်ကျော်ကို သိမ်းဆည်း
Photo: AFP

အင်ဒိုနီးရှားတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားကြောင်း အတည်ပြုလိုက်ပြီးနောက်တွင် masks များ အလုအယက် ဝယ်ယူကြခြင်းကြောင့် ဈေးများ ထိုးတက်သွားခဲ့ရာ ဂျကာတာဧရိယာရှိ ကုန်လှောင်ရုံများမှ masks သန်းဝက်ကျော်ကို ရဲက သိမ်းဆည်းထားလိုက်သည်။

တန်ဂါရန်မြို့က ကုန်လှောင်ရုံတစ်ရုံကို ရဲက အင်္ဂါနေ့၌ စီးနင်းခဲ့ပြီးနောက် ယင်းတွင် ဆေးဝါးသုံး masks များ ခြောက်သိန်းနီးပါးကို တွေ့ရှိပြီး လူနှစ်ဦးကိုလည်း ခေါ်ယူစစ်ဆေးနေသည်။

ကုန်လှောင်ရုံပိုင်ရှင်များသည် masks များ ရောင်းချဖြန့်ဖြူးခွင့် ခွင့်ပြုချက် မရထားသူများ ဖြစ်ကြောင်း ရဲက ပြောသည်။

“masks တွေရဲ့ ဈေးနှုန်းဟာ နေရာတိုင်းမှာ မိုးထိအောင် ထောင်တက်နေတယ်။ ပစ္စည်းပြတ်လပ်မှုတွေလည်း ဖြစ်နေတယ်။ ဒါဟာ ပြည်သူဆီက ငွေချွေယူဖို့ လက်ဝယ်သိုလှောင်ထားကြလို့ ဖြစ်နိုင်တယ်။”ဟု ဂျကာတာရဲဌာန ပြောခွင့်ရှိသူ ယူစရီယူနက်စ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

Masks များ သိုလှောင်ထားသူများကို အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ်ငါးနှစ်နှင့် ကြီးလေးသည့် ငွေဒဏ် ချမှတ်ခံရမည်ဖြစ်ကြောင်း ရဲဌာနက ဆိုသည်။

အထက်ပါ ကုန်လှောင်ရုံအား မစီးနင်းခင် ဂျကာတာရှိ တိုက်ခန်းတစ်ခန်းကို အင်္ဂါနေ့က စီးနင်းရာ၌ masks သေတ္တာ ရာပေါင်းများစွာကို သိမ်းဆည်းရမိခဲသည်။

ထိုပြင် ကျန်းမာရေးစံချိန်စံညွှန်း မပြည့်မီသော masks အတုများကို တရားမဝင်ထုတ်လုပ်ကာ ဖြန့်ဖြူးရောင်းချနေသော စက်ရုံတစ်ရုံကိုလည်း စီးနင်းခဲ့သည်ဟု ရဲက ပြောသည်။

“အဲဒီက masks တွေဟာ အသုံးမဝင်ဘူး။ အသုံးပြုသူကို ကာကွယ်မှု မပေးနိုင်တဲ့ masks တွေပဲ ဖြစ်တယ်။”ဟု ယူနက်စ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly