ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန် Flybe လေကြောင်းလိုင်း ပြိုလဲ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန် Flybe လေကြောင်းလိုင်း ပြိုလဲ
Photo: AFP

ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး‌လေကြောင်းလိုင်းတွေထဲက တစ်ခုဖြစ်တဲ့ Flybe လေကြောင်းလိုင်းဟာ မတ် ၅ ရက်နေ့မှာဆိုရင် လေယာဉ်အားလုံး မြေဆိုက်ထားရပြီး ပြိုလဲရပြီဖြစ်တယ်လို့ ယင်းလေကြောင်းလိုင်းကုမ္ပဏီက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုက ကမ္ဘာတစ်လွှားက လေကြောင်းလိုင်းတွေ တော်တော်လေး အထိနာနေချိန်မှာ ခုလို လေကြောင်းလိုင်းကြီးတစ်ခုဖြစ်တဲ့ Flybe လေကြောင်းလိုင်း ပြိုလဲတော့တာ ဖြစ်ပါတယ်။

“လေယာဉ်အားလုံး သောင်တင်နေပြီဖြစ်တယ်။ ဗြိတိန်ရဲ့ စီးပွားရေးဟာလည်း လက်ငင်းသက်ရောက်မှုတွေနဲ့အတူ စီးပွားရေးအေးစက်နေတယ်။”လို့ Flybe လေကြောင်းလိုင်းက ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ခရီးသည်တွေအတွက် အခြားပြောင်းလဲပျံသန်းမှုတွေကိုလည်း ပြေးဆွဲမပေးနိုင်တော့ဘူးလို့ Flybe ရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဝန်ထမ်းပေါင်း ၂၀၀၀ ကျော် ရှိတဲ့ Flybe ဟာ ပြီးခဲ့တဲ့နှစ်က Connect Airways ကုမ္ပဏီစုကြီးရဲ့ အဝယ်ခံရလိုက်ပြီးချိန်ကစပြီး စီးနင်းသူ နည်းပါးခြင်းနဲ့ ယှဉ်ပြိုင်မှု ကြီးမားခြင်းတွေရဲ့ ဒဏ်ကနေ ရုန်းမထွက်နိုင် ဖြစ်နေခဲ့တဲ့ လေကြောင်းကုမ္ပဏီပဲ ဖြစ်ပါတယ်။

ဒီလို အချိန်အနေမှာ လေကြောင်းလိုင်းတွေအနေနဲ့ ခရီးစဉ်တွေ ပယ်ဖျက်ရပြီး စီးနင်းသူ နည်းပါးခြင်းအကြောင့် အကျိုးအမြတ် ထိခိုက်မယ့် သတိပေးချက်တွေ ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုရဲ့ ရိုက်ခတ်မှုကို ထပ်ဆင့် ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

လုပ်ငန်းစီးပွားရေး တည်ငြိမ်ရေးကို အကူအညီဖြစ်ဖို့ အစိုးရချေးငွေ ပေါင် သန်း ၁၀၀ ကို ပေးချေနိုင်ခြင်း မရှိတဲ့ Flybe ကုမ္ပဏီဟာ ပြိုလဲလာနိုင်ကြောင်း မီဒီယာတွေက ရေးသားဖော်ပြလာပြီးနောက်မှာ ကုမ္ပဏီ ပြိုလဲပြီဖြစ်ကြောင်းကို Flybe က ကြေညာချက် ထုတ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဗြိတိန်က အသေးစား လေကြောင်းလိုင်းတွေအနေနဲ့လည်း လောင်စာဆီ ဈေးနှုန်း မတည်ငြိမ်ခြင်းနဲ့ အားနည်းတဲ့ ပေါင်ငွေဈေးကြောင့် မကြာသေးမီက ထိခိုက်မှုတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Flybe လေကြောင်းလိုင်းဟာ ဗြိတိန်ပြည်တွင်း လေကြောင်းလိုင်းတွေမှာ အကြီးဆုံး လေကြောင်းလိုင်းဖြစ်ပြီး နှစ်စဉ် ခရီးသည် ရှစ်သန်းနီးပါးကို ဥရောပမှာ လေဆိပ် ၄၃ ခုနဲ့ ဗြိတိန်ပြည်တွင်း လေဆိပ် ၂၈ မှာ ပျံသန်းပြေးဆွဲပေးနေတဲ့ လေကြောင်းလိုင်းပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required