‘နေရှင်းလိဂ်ဟာ တကယ် ကောင်းမွန်တဲ့ ပြိုင်ပွဲလို့ ထင်ပါတယ်။’ - ဆောက်ဂိတ်၊ ယူရိုအမီ ကိန်းနဲ့ ရပ်ရှ်ဖို့ဒ် ပြန်ကောင်းလာဖို့ မျှော်လင့်

‘နေရှင်းလိဂ်ဟာ တကယ် ကောင်းမွန်တဲ့ ပြိုင်ပွဲလို့ ထင်ပါတယ်။’ - ဆောက်ဂိတ်၊ ယူရိုအမီ ကိန်းနဲ့ ရပ်ရှ်ဖို့ဒ် ပြန်ကောင်းလာဖို့ မျှော်လင့်
Photos: EPA & AFP

အင်္ဂလန်အသင်းဟာ ဒီနှစ်နှောင်းပိုင်း ကျင်းပမယ့် ယူအီးအက်ဖ်အေ နေရှင်းလိဂ် (Nations League)ပြိုင်ပွဲမှာ ကမ္ဘာ့ထိပ်သီးအဆင့် ဘယ်လ်ဂျီယံအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် အခုအချိန်မှာ မန်နေဂျာ ဂါးရတ် ဆောက်ဂိတ်က ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုနဲ့ တိုက်စစ်အတွဲဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်တို့ ယူရို ၂၀၂၀ အမီ ကြံ့ခိုင်မှုမပြည့်မှာကို စိုးရိမ်နေပါတယ်။

လာမယ့် နေရှင်းလိဂ်ပြိုင်ပွဲအတွက် အင်္ဂါနေ့ရဲ့ မဲခွဲဝေမှုမှာ ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲမှာ တတိယနေရာနဲ့ ပြီးဆုံးခဲ့တဲ့ အင်္ဂလန်အသင်းက ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ အိုက်စလန်တို့နဲ့ အုပ်စု (အေ)မှာ ကျရောက်ခဲ့ပါတယ်။

ဒီအုပ်စုပွဲစဉ်တွေကို စက်တင်ဘာကနေ နိုဝင်ဘာအထိ ကစားသွားမှာဖြစ်ပြီး ဆီးမီးဖိုင်နယ်ကိုတော့ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ကစားသွားဖို့ရှိပါတယ်။

"ကျနော်တို့ ပြီးခဲ့တဲ့ပြိုင်ပွဲကို ကျေနပ်မိတယ်။ ပြီးတော့ ပွဲစဉ်တွေရဲ့ အရည်အသွေးက ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းသလဲ ဆိုတာကို ပြသတယ်။ နေရှင်းလိဂ်ဟာ တကယ် ကောင်းမွန်တဲ့ ပြိုင်ပွဲလို့ ထင်ပါတယ်။"လို့ ဆောက်ဂိတ်က အမ်စတာဒမ်မှာ အင်္ဂါနေ့က မဲခွဲပွဲအခမ်းအနားအပြီးမှာ ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ဘယ်လ်ဂျီယံအသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုအဆင့်နဲ့ တတိယနေရာလုပွဲမှာ နှစ်ကြိမ် ကစားခဲ့ပြီး အဲဒီ ပွဲစဉ် နှစ်ပွဲလုံး အရေးနိမ့်ခဲ့ပါတယ်။

သူတို့ဟာ မတ်လ ၃၁ ရက်မှာ ဝင်ဘလေကွင်းမှာ ခြေစမ်းပွဲအဖြစ် ဒိန်းမတ်အသင်းကို လက်ခံကစားရဖို့လည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကမ္ဘာတလွှား အားကစားပြိုင်ပွဲ အများအပြား ရွှေ့ဆိုင်းမှုတွေ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ဒီပွဲစဉ်အတွက် စိုးရိမ်မှုတွေ ရှိနေပြီး မတ် ၂၇ ရက်မှာ အီတလီအသင်းနဲ့ ကစားဖို့ စီစဉ်ထားတဲ့ပွဲကို လိုအပ်ပါက ကွင်းပိတ်ပြီး ကစားဖို့ ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ ဖြစ်လာနိုင်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး သူတို့ဟာ အုပ်စုပွဲစဉ်တွေကို ဝင်ဘာလေကွင်းမှာ ကစားသွားမှာဖြစ်ပါတယ်။ တကယ်လို့ အင်္ဂလန်အသင်းဟာ ဆီးမီးဖိုင်နယ်နဲ့ ဖိုင်နယ်အဆင့်တွေကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

ဒါပေမယ့် ရုန်းကန်နေရတဲ့ ဂိုးသမား ပစ်ဖို့ဒ်နဲ့ ကိန်း၊ ရပ်ရှ်ဖို့ဒ်တို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် အသင်းလူစာရင်း မတည်မငြိမ်ဖြစ်နေပါတယ်။

စပါးတိုက်စစ်မှူး ကိန်းဟာ ဇန်နဝါရီလက တံကောက်ကြောဒဏ်ရာ ခွဲစိတ်မှု ခံယူပြီးနောက် ဒီရာသီမှာ ပြန်လည်ကစားနိုင်ဖို့ မသေချာသလို မန်ယူရဲ့ ရပ်ရှ်ဖို့ဒ်ကလည်း နောက်ကျောဒဏ်ရာကြောင့် အနားယူနေရပါတယ်။

"ကျနော်သိထားသမျှက ကစားသမားနှစ်ယောက်လုံးဟာ ကြံ့ခိုင်မှု ပြန်လည်ရရှိဖို့ အကောင်းဆုံး အခွင့်အရေးတွေ ရှိပါတယ်။ ဒါက ကျနော်တို့ အတွက်သာမက သူတို့ရဲ့ ကလပ်အသင်းတွေအတွက်ပါ ပြန်ရနိုင်မှာဖြစ်တယ်။"လို့ ဆောက်ဂိတ်က ပြောပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly