ကလေးတွေပဲ သန်ချ ရမှာလား

ကလေးတွေပဲ သန်ချ ရမှာလား

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဘာလို့ ဒီလိုမေးရတာလဲဆိုတော့ လူတွေက သန်ချ တာ အရေးမကြီးဘူးလို့ ယူဆကြလို့ပါ။ လူရဲ့ သဘောကလည်း ကိုယ်သာ ကျန်းမာနေရင် ဘာကိုမှ အားမထုတ်ချင်တာပါ။ ကျန်းမာရေးစာစောင်တွေမှာ သန်ကောင်တွေ အူကနေ အထွေးလိုက် ထွက်လာတယ်လို့၊ အသက်ရှူလမ်းကြောင်းမှာ သန်ကောင်ပိတ်နေတယ်တို့၊ နှာခေါင်းကနေ သန်ကောင် ထွက်လာတယ်လို့ ဆိုတာ တကယ့်အဖြစ်အပျက်တွေပါ။ သန်ကောင်ဆိုတာ ခုဝင် ခုဒုက္ခပေး တတ်တဲ့ အရာမဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန် သန်ချနေဖို့ လိုပါတယ်။ အထူးသဖြင့် ဒီနိုင်ငံက လူတွေက ပိုလိုပါတယ်။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။
ဘာလို့ သန်ထတာလဲ။

သန်ကောင်တွေ ဘာလို့ ကိုယ်ထဲဝင်တာလဲလို့ မေးရင် အရိုးဆုံးဖြေရရင် ညစ်ပတ်လို့ပါ။ ခုထက်ထိကို လက်သန့်၊ ရေသန့်၊ အိမ်သာသန့်ကို လိုက်မလုပ်နိုင်တဲ့ သူတွေ အများကြီး ရှိပါသေးတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ အစားစားမယ်ဆိုရင် သန်ဥတွေက ဗိုက်ထဲရောက်သွားမှာပါ။ ဒါ့ပြင် ခြေဗလာနဲ့ လမ်းလျှောက်တာ၊ အသား ငါးတွေ မကိုင်ခင်နဲ့ ကိုင်ပြီးမှာ လက်သေချာမဆေးတာ၊ အသားကို ကျက်အောင် မချက်တာ၊ ခုခေတ်လိုဆိုရင်တော့ အကင်တွေ ကျက်အောင်မကင်တာ၊ Hot Potတွေမှာ အသားတွေ၊ အရွက်တွေ ကျက်အောင် မပြုတ်တာ၊ အစိမ်းစားတာ (ဥပမာ ဆာရှိမိ) စတာတွေ ကလည်း သန်ကောင်တွေ ဝင်လာနိုင်ပါတယ်။
သန်ထရင် ဘယ်လို ခံစားရမှာလဲ။

  •     ဖျားမယ်။
  •     အသားယားမယ်။
  •     ဝမ်းထဲမှာ သန်တွေ အကောင်လိုက် ပါလာမယ်။
  •     ဗိုက်အောင့်မယ်။
  •     ညဘက်တွေ အိပ်မပျော်ဘူး။
  •     အစားအသောက်ပျက်မယ်။
  •     ချောင်းဆိုးမယ်၊ အသက်ရှူရခက်မယ်။
  •     အားမရှိသလိုဖြစ်မယ်။

ဒီထက်ပိုဆိုးလာရင်တော့

  •     နုံးတာ
  •     ဝမ်းလျှောတာ
  •     မောတာ
  •     ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာ
  •     သွေးအားနည်းတာ
  •     ပိန်သွားတာ စတာတွေ ဖြစ်တတ်ပါတယ်။

အရပ်ထဲမှာ အသိများတာတော့ ကလေးက ဗိုက်ကလေးလည်း ပူနေတယ်။ ပိန်လည်းပိန်တယ်ဆိုရင် သန်ချကြည့်ပါလားဆိုပြီး အကြံပေးတတ်ကြပါတယ်။ ဒါလည်း အကြံကောင်းပါပဲ။ ဒါပေမယ့် သန်ဆိုတာ ပုံမှန်ချရတာဆိုတာကို သိစေချင်တာပါ။ ဘာလို့ ပုံမှန်ချသင့်တာလဲ။ ဖြစ်မှချရင် မရဘူးလားလို့ မေးစရာရှိပါတယ်။ ဒါဆိုရင် သန်မချရင် ဘာဖြစ်မလဲဆိုတာ ကြည့်ရအောင်။
သန်ကောင်တွေရဲ့ နောက်ဆက်တွဲ ပြဿနာ

သန်မချဘဲ ထားမယ်ဆိုရင် ကြာလာရင် သန်ကောင်တွေ ပွားလာမှာပါ။ သန်ကောင်ဆိုတာ ကပ်ပါးကောင် အမျိုးအစားပါ။ လူစားသမျှကို သူတို့ပါ စားနေရတဲ့ အတွက် ကိုယ်ထဲမှာ အကြာကြီး နေနိုင်ပါတယ်။ ဆယ်စုနှစ်နဲ့ ချီပြီးတော့ကို နေနိုင်တာပါ။ ဒီလောက်အကြာကြီးနေတာ ဖြစ်တဲ့ အတွက် ကြာလာရင် လူမှာ

  •     အာဟာရချို့တဲ့တာ ဖြစ်လာပါတယ်။
  •     ဘယ်လောက်စားစား ဝမလာပါဘူး။ (ကိုယ်စားသမျှက သန်ကောင်ဆီ ရောက်သွားလို့ပါ။)
  •     သန်ကောင်က လျှောက်သွားနေတဲ့အတွက် သည်းခြေပြွန် ပိတ်တတ် ပါတယ်။ သည်းခြေကျောက်တည်တတ်ပါတယ်။
  •     အူပိတ်တတ်ပါတယ်။
  •     အသက်ရှူလမ်းကြောင်းထိ ပိတ်တတ်ပါတယ်။
  •     ချိတ်သန်ကောင်ဆိုရင် အူလမ်းကြောင်းကို စုပ်ခွက်နဲ့ တွယ်ထားတဲ့ အတွက် နာတာရှည် သွေးယိုစိမ့်မှုဖြစ်ပြီး  သွေးအားနည်းတတ်ပါတယ်။

သန်ချ တယ်ဆိုတာ ဘာလဲ။

သန်ချ တယ်ဆိုတာ သန်ချဆေးသောက်ပြီး သန်ကောင်တွေ သေအောင်လုပ်တာပါ။ အရင်ကလို သန်တွေ အကောင်လိုက် ကျမလာတော့ပါဘူး။ သန်တွေ ကြေသွားတဲ့ အတွက်ကြောင့် ပုံမှန် ဝမ်းသွားသလိုပါပဲ။
ဘယ်သူတွေ သန်ချ ရမလဲ။

ဘယ်သူမဆို သန်ချသင့်ပါတယ်။ သန်ချတာက ကလေးနဲ့ပဲ ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ သန်က ကလေးမှ တွယ်တာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဘယ်သူမဆို သန်ချသင့်ပါတယ်။
ဘယ်လို သန်ချ ရမလဲ။

WHO အဆိုအရ ကလေးအသက် ၁နှစ်ကနေ ၁၂နှစ်အထိ တစ်နှစ်ကို အနည်းဆုံး တစ်ခါ ကနေ နှစ်ခါအထိ ချပေးရပါမယ်။ လူကြီးတွေလည်း ဒီတိုင်းပါပဲ။ ကိုယ်ဝန်ဆောင်တွေလည်း သန်ချရပါတယ်။ ကိုယ်ဝန် ၃လကျော်တာနဲ့ သန်စချလို့ရပါပြီ။
သန်ချ ခြင်းနဲ့ ပတ်သတ်ပြီး အယူအဆ အမှားများ

သန်ချတာနဲ့ ပတ်သတ်ပြီး လူတွေ အသိမှားတာ ရှိပါတယ်။

    သန်က နွေဘက် မချရဘူး။ မိုးတွင်းမှ ချရတာ။

ဒါ မဟုတ်ပါဘူး။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ချလို့ရပါတယ်။ ၆လ တစ်ခါ သန်ချဖြစ်ရင် ရပါပြီ။

    သန်ချရင် ဝမ်းလျှောတတ်တယ်။

ဒါလည်း မဟုတ်ပါဘူး။  ဝမ်းက ပုံမှန်ပါပဲ။ သန်တွေ ကြေသွားလို့ သန်ကျတာတောင် မသိလိုက်ပါဘူး။

    သန်ကောင် တက်မလာအောင် ရင်ဘတ်မှာ ထုံးသားရတယ်။

တချို့သော သန်ကောင်တွေက အသက်ရှူလမ်းကြောင်းကို တက်လာပြီး ပြန်မြိုချလိုက်တဲ့အခါ ဗိုက်ထဲ ပြန်ရောက်သွားပါတယ်။ ဒီလို တက်မလာအောင် တချို့က ရင်ဘတ်မှာ ထုံးသား တတ်ပါတယ်။ ဒါက သန်ကောင်ကို မတားနိုင်ပါဘူး။ အကောင်းဆုံးနည်းလမ်းက သန်ချတာပါပဲ။

ပြန်ချုပ်ရမယ်ဆိုရင် လူတိုင်း အနည်းဆုံး ၆လတစ်ခါ သန်ချသင့်ပါတယ်။ သန်ထိုးမှ သန်ချရမှာ မဟုတ်ပါဘူး။ ပုံမှန် သန်ချရမှာပါ။ ကလေးနဲ့ပဲဆိုင်တာ မဟုတ်ပါဘူး။ လူကြီးတွေလည်း ချလို့ရပါတယ်။ ရာသီမရွေး ချလို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly