ကိုရိုနာကြောက်ရွံ့မှုကို ကန့်ကွက်သည့်အနေဖြင့် ပြင်သစ်ပင့်ကူလူသား မိုးမျှော်တိုက်ပေါ် တက်ပြ

ကိုရိုနာကြောက်ရွံ့မှုကို ကန့်ကွက်သည့်အနေဖြင့် ပြင်သစ်ပင့်ကူလူသား မိုးမျှော်တိုက်ပေါ် တက်ပြ
Photo  - AFP

   ဘာစီလိုနာ၊ မတ် ၅။                ။ မိုက်ရူးရဲဆန်တဲ့ ပြင်သစ်ပင့်ကူလူသားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအပေါ် ကြောက်ရွံ့နေကြမှုကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ဘာစီလိုနာမြို့က အမြင့်ဆုံးမိုးမျှော်တိုက်တွေထဲက တစ်ခုဖြစ်တဲ့ Glories တာဝါကို သိုင်းကြိုးအကူအညီတွေမပါဘဲ  မတ်လ ၄ ရက်နေ့မှာ တက်ပြခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းက အဆောက်အအုံတွေကို တက်ပြခဲ့တဲ့ သူ့ရဲ့စွန့်စားခန်းတွေအတွက် ပြင်သစ်ပင့်ကူလူသားလို့ နာမည်ရထားတဲ့ Alain Robert ဟာ မှန်တွေနဲ့ကာရံထားတဲ့  ၁၄၅ မီတာ (၄၇၅ ပေ) အမြင့်ရှိ Glories တာဝါကို  ၄၇ မိနစ်အတွင်းမှာ တွယ်တက်ပြခဲ့တာပါ။

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါပင့်ကူလူသား မြေပြင်ပေါ်ပြန်ရောက်တဲ့အခါ ဝိုင်းကြည့်နေသူတွေက လက်ခုပ်ဩဘာပေးခဲ့ကြပေမယ့် ရဲတွေက သူ့ကို ထိန်းသိမ်းခဲ့ပါတယ်။

"ဒီနေ့အချိန်မှာ အလွယ်တကူ ကူးစက်တတ်တဲ့ရောဂါက ကိုရိုနာဗိုင်းရပ်စ်မဟုတ်ပါဘူး။ အကြောက်တရားပါ။ ဒီရောဂါကိုကြောက်ရွံ့နေကြတဲ့လူပေါင်း သုံးဘီလီယံလောက်ရှိပါတယ်။ အဲဒီအကြောက်တရားကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး၊ ကြိုးမပါဘဲနဲ့ တက်ပြတာဟာ ကြောက်ရွံ့မှုကို ဖြစ်စေပြီး ကိုရိုနာဗိုင်းရပ်စ်ကလည်း အလားတူ ကြောက်ရွံ့မှုကို ဖြစ်စေပါတယ်၊ အကြောက်တရားကို ထိန်းချုပ်ပြီး ယဉ်ပါးသွားအောင်လို့ ကျွန်တော်တို့ ဆွေးနွေးနိုင်ရမှာပေါ့” လို့ ပင့်ကူလူသား Alain Robert က မိုးမျှော်တိုက်ပေါ်မတွယ်တက်ခင် AFP ကို ပြောပါတယ်။

Robert ဟာ  တောင်တက်ဖိနပ်လည်းမစီး လက်ကိုလည်း ထုံးမှုန့်တွေမသုတ်ဘဲ အဆောက်အအုံတွေကို စွန့်စွန့်စားစား တက်ပြပြီး တစ်ခါတရံ နိုင်ငံရေးနဲ့ဆိုင်တဲ့ သတင်းစကားတွေပါးဖို့အတွက် တာဝါတွေပေါ်တက် ပြတတ်လို့ နာမည်ကျော်ကြားပါတယ်။

Robert ဟာ Dubai က Burj Khalifa Complex ၊ ပြင်သစ်က အီဖယ်မျှော်စင်၊ မလေးရှားက Petronas Twin Towers နဲ့ ဆစ်ဒနီကဇာတ်ရုံအပါအဝင် ကမ္ဘာတစ်လွှားမှာရှိတဲ့ အဆောက်အအုံပေါင်း ၁၀၀ ကျော် တို့ကိုလည်း လုံခြုံရေးပစ္စည်းအကူအညီတစ်ခုမှမပါဘဲ အောင်မြင်စွာ တက်ပြနိုင်ခဲ့သူဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားမှာ ကိုရိုဗိုင်းရပ်စ်ကြောင့် ယနေ့အချိန်ထိ လူပေါင်း ၃၂၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ပြီး ၉၀၀၀၀ ကျော်ကူးစက်ခံနေရကာ တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်နဲ့ ဂျပန်နိုင်ငံတို့  ဗိုင်းရပ်စ်ဒဏ်ကို အဆိုး ဆုံးခံစားနေကြရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required