ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကယ်ဒမီပေးပွဲ ရက်ရွှေ့ဆိုင်း

ရန်ကုန်၊ မတ် ၄ရက်။            ။ ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကြောင့် ၂၀၁၉ ခုနှစ် အကယ်ဒမီပေးပွဲအား ဧပြီလ သင်္ကြန်အပြီး မိုးမကျခင်မှသာ ကျင်းပရန်ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ရုပ်ရှင်အစည်းအရုံးကဒီကနေ့ အစည်း အဝေးတွင်ဆုံးဖြတ်ခဲ့သည်။

ယခင်က အကယ်ဒမီပေးပွဲအား မတ်လ ၂၉ ရက်နေ့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယခုလက်ရှိ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကြောင့် နွေရာသီမှ ကျင်းပရန် ရက်ရွေ့ လိုက်ခြင်းဖြစ် သည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ(ယာယီ) ဖြစ်သူ ဒါရိုက်တာညီညီထွန်းလွင်က ပြောသည်။

၎င်းက "မတ်လကုန် ဧပြီလဆန်းလောက်ဆို နွေရာသီလည်းရောက်ပြီ။ နွေရာသီလည်းရောက်တော့ ဝူဟန်ဗိုင်းရပ်စ်က အပူကိုလည်းကြောက်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်လောက်မှာ ကင်းရှင်းသွားရင် ကျင်းပသင့်တယ်ပေါ့။ ရက်ကိုရွှေ့ဆိုင်းသင့်တယ်။ ဒါလူကြီးတွေနဲ့ အကုန်လုံးညှိနှိုင်းဆုံးဖြတ်လိုက်တာ အခုလောလောဆယ်ကတော့ မတ်လ ၂၉ရက်နေ့ကျင်းပမယ့် အကယ်ဒမီပွဲကို ရွှေ့ဆိုင်းလိုက်တယ်။ ပြီးတော့မှ သင်္ကြန်အပြီး မိုးမကျခင်ပေါ့ ဘာဖြစ်လို့ မိုးမကျခင်လည်းဆိုတော့ ကျွန်တော်တို့က ပြည်သူ့ရင်ပြင်မှာ ကျင်းပရမှာမို့လို့ တကယ်လို့မိုးတွင်းရောက်သွားရင်တော့ ကျွန်တော်တို့အခက်အခဲရှိတယ်။ အဲ့ဒါကြောင့်မို့ လောလောဆယ်တော့ ဆုံးဖြတ်လိုက်တာက သင်္ကြန်အပြီးမိုးမကျခင်ပေါ့"ဟု ဆိုသည်။

ယခုနှစ် အကယ်ဒမီပေးပွဲအား မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အကြို အထိမ်းအမှတ်အဖြစ် ကျင်းပမှာ ဖြစ်သည်ဟု သိရသည်။

အကယ်ဒမီပေးပွဲတွင် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ဖြစ်သည့် ငွေရတု၊ ရွှေရတု၊ စိန်ရတု၊ ပတ္တမြားရတု ခေတ်လေး ခေတ် ရတုအား ကိုယ်စားပြုသည့် ဗွီနိုင်းများအား ချိတ်ဆွဲထားမှာဖြစ်ကာ ရတု ၄ ခုကို ကိုယ်စားပြုသည့် ဖျော်ဖြေမှုများလည်း  ထည့်သွင်းထားကြောင်း သိရသည်။

အကယ်ဒမီပေးပွဲ မတိုင်ခင် အကယ်ဒမီဆု စာရင်းများ ပေါက်ကြားခြင်းမရှိအောင်စီစဉ်ထားကြောင်းလည်းဆိုသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ(ယာယီ) ဖြစ်သူ ဒါရိုက်တာညီညီထွန်းလွင်က "မနှစ်ကဆို လက်ရေးကြီးနဲ့ အကုန်လုံးဆုတွေ တစ်ပေါင်းတစ်စည်းထဲရေးထားတာတွေထွက်သွားတယ်။ ဒါ ကိုယ်လည်းတွေ့လိုက်တယ်။ အဲ့ဒီတော့ ဒီနှစ်မှာဆို အဲ့ဒီလိုမဖြစ်ရအောင် စာအိတ်တွေဘာတို့ကို တစ်ခါတည်း ခွဲထားဖို့ အဲ့လိုလေးတွေတော့ လုပ်ထားပါတယ်" ဟု ပြောသည်။

၂၀၁၉ ခုနှစ် အကယ်ဒမီအတွက် ဆန်ခါတင် ရုပ်ရှင်ကား ၂၉ ကားကို ရွေးချယ်ထားကြောင်းလည်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required