တာလီဘန်စစ်သွေးကြွများ၏တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သားနှင့်ရဲ အနည်းဆုံး ၂၀ ဦးသေဆုံး

တာလီဘန်စစ်သွေးကြွများ၏တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သားနှင့်ရဲ အနည်းဆုံး ၂၀ ဦးသေဆုံး
Photo  - AFP

မတ် ၄။              ။ အာဖဂန်နစ္စတန်နိုင်ငံ Kunduz ပြည်နယ်၌ ယမန်နေ့ မတ်လ ၃ ရက်နေ့ညက  တာလီဘန်စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သားနှင့်ရဲ အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့သည်ဟု အာဏာပိုင် များကပြောသည်။

တာလီဘန်များသည် Kunduz ပြည်နယ် Imam Sahib မြို့ရှိ အနည်းဆုံး ကင်းတပ် ၃ ခုကို တိုက်ခိုက်ခဲ့ကြပြီး  အာဖဂန်စစ်သား ၁၀ ဦးနှင့် ရဲ ၄ ဦးတို့သေဆုံးခဲ့ကြောင်း ပြည်နယ်ကောင်စီဝင် Safiullah Amiri က ပြောသည်။

၎င်းပြင် စစ်သွေးကြွများသည် Uruzgan ပြည်နယ်တွင်လည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့မှုကြောင့် ရဲ ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ Zergai Eadi က AFP ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တာလီဘန်ခေါင်းဆောင် Mullah Baradar တို့ ၃၅ မိနစ်ကြာ ဖုန်းပြောဆိုမှုအပြီး နာရီပိုင်းအကြာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ချုပ်ဆိုခဲ့သည့် ဒိုဟာသဘောတူညီချက်ကြောင့် အမေရိကန်စစ်တပ်အနေဖြင့် အာဖဂန်-တာလီဘန် အရေးအခင်းတွင် ၁၈ နှစ်ကြာ ပါဝင်ပတ်သက်မှုကို အဆုံးသတ်တော့မည်ဟုပင် ထရမ့်က မော်ကြွားပြောဆိုခဲ့သေးသည်။

အမေရိကန်နှင့်တာလီဘန်တို့ ဖေဖော်ဝါရီ ၂၉ ရက်က ချုပ်ဆိုခဲ့သည့် သမိုင်းဝင် သဘောတူညီချက်အရ အမေရိကန်သည် ၁၄ လအတွင်း ၎င်း၏တပ်ဖွဲ့များကို အာဖဂန်နစ္စတန်မှ ပြန်လည်ရုပ်သိမ်းရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly