သြစတြေးလျ ရတနာပစ္စည်းဆိုင်မှ ရွှေလည်ဆွဲတစ်ခုကို ငါးမျှားတံနဲ့ချိတ်ယူပြီး ခိုးသွားတဲ့ သူခိုးကို လိုက်လံရှာဖွေနေ

သြစတြေးလျ ရတနာပစ္စည်းဆိုင်မှ ရွှေလည်ဆွဲတစ်ခုကို ငါးမျှားတံနဲ့ချိတ်ယူပြီး ခိုးသွားတဲ့ သူခိုးကို လိုက်လံရှာဖွေနေ

မတ် ၄

သြစတြေးလျနိုင်ငံမှာ ရတနာပစ္စည်း အရောင်းဆိုင်တစ်ခုကနေ ရွှေလည်ဆွဲတစ်ခုကို ငါးမျှားတံ အသုံးပြုပြီး ခိုးယူသွားခဲ့တဲ့ သူခိုးတစ်ယောက်ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

ညအချိန်မှာ ခုလို ဆိုင်ကနေ လည်ဆွဲကို ငါးမျှားတံနဲ့ ချိတ်ယူသွားခဲ့တဲ့ သူခိုးရဲ့ လုပ်ရပ်ကို ရိုက်ကူးမိထားတဲ့ ဗီဒီယိုကိုလည်း ရဲက ထုတ်ပြန်ထားပါတယ်။

အဆိုပါ သူခိုးဟာ မဲဘုန်းမြို့လယ်မှာရှိတဲ့ ရတနာပစ္စည်းဆိုင်ရဲ့ ပြတင်းတံခါးကို ချိုးဖျက်ပြီး ငါးမျှားတံတစ်ခုနဲ့ Versace လည်ဆွဲတစ်ခုကို ချိတ်ယူဖို့ လုပ်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က မတ်လ ၄ ရက်မှာ ပြောပါတယ်။

သူခိုးဟာ သူခိုးချင်တဲ့ ပစ္စည်းကို ရဖို့အတွက် သုံးနာရီနီးပါး အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

ကနဦးပိုင်းမှာ အရွယ်အစားသေးတဲ့ ငါးမျှားတံတစ်ခု သုံးပြီး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် သူခိုးဟာ အရွယ်အစားပိုကြီးတဲ့ ငါးမျှားတံကို ပြောင်းသုံးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ၎င်းလိုချင်တဲ့ ရွှေလည်ဆွဲကို ရယူသွားနိုင်ခဲ့ပါတယ်။ ယင်းရွှေလည်ဆွဲရဲ့တန်ဖိုးကတော့ ဒေါ်လာ ၇၀၀ လောက်တန်ကြေးရှိမယ်လို့ သိရပါတယ်။

ခုလိုမျိုး ငါးမျှားတံနဲ့ ပစ္စည်းခိုးသွားတာမျိုးကို ယခင်က တစ်ခါမှ မတွေ့ဖူးကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ပြောပါတယ်။

“ဒါ တော်တော်လေးတော့ ဗြောင်ကျလွန်းခဲ့ပါတယ်၊ ပြီးတော့ အတော့်ကို ရဲတင်းလွန်းခဲ့ပါတယ်” လို့ ဗစ်တိုးရီးယားရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဘီဒီ ဝှစ်တီက ပြောပါတယ်။

ယခုအခါမှာတော့  လည်ဆွဲခိုးသွားတဲ့ သက်လတ်ပိုင်းအရွယ် ထိပ်ပြောင် အမျိုးသားကို ဖမ်းမိဖို့ ရဲတွေက ကြိုးစားနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly