ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိစ္စ ဥပဒေနှင့်အညီ ဝင်ရောက်အရွေးချယ်ခံကြရမည်ဟု တပ်ချုပ်ကြီးပြော

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိစ္စ ဥပဒေနှင့်အညီ ဝင်ရောက်အရွေးချယ်ခံကြရမည်ဟု တပ်ချုပ်ကြီးပြော

အောက်တိုဘာ ၃၁ ရက် ။              ။ ၂၀၁၀ ခု သြဂုတ်လမှစ၍ သမ္မတကြီးက ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ခြင်းမှာ လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သက်သူများ အနေဖြင့် ဥပဒေနှင့်အညီ ဝင်ရောက်အရွေးချယ်ခံကြရန်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြား လိုက်သည်။

ပါတီစုံဒီမိုကရေစီလမ်းသွားရာတွင် လက်နက်ကိုင်ပဋိပက္ခများ ရှိနေ၍ မဖြစ်နိုင်ဟုလည်း ပြောကြားသည်။

"လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိစ္စရပ်များသည်လည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းများရှိပြီးဖြစ်၍ ဥပဒေနှင့်အညီ ဝင်ရောက်အရွေးချယ်ခံကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၁၁ ခုနှစ် ဩဂုတ်လမှစ၍ သမ္မတကြီးမှ ငြိမ်းချမ်းရေး စတင်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း" အုပ်ချုပ်မှုမွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၁၅) မှ သင်တန်းသူ သင်တန်းသား အရာရှိများအား တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြသည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရုံဖြင့်မပြီးဘဲ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆောင်ရွက် ကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ရမည်ဟုလည်း ထပ်မံပြောဆိုလိုက်ပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ထိခိုက်ခြင်း၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်ခြင်းနှင့် တိုင်းရင်းသားပြည် သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် မူဝါဒ (၃) ချက် ချမှတ်ထားပြီး ငြိမ်းချမ်းရေးမူ (၆) ချက်ကိုလည်း ထုတ်ပြန်ထား ပြီးဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးက အောက်တိုဘာ ၃၀ တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၌ သင်တန်းသူ သင်တန်းသား အရာရှိများအား တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်၍လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်များနှင့်အညီသာ ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်ဟု ပြန်ကြားရေးက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly