တရုတ်အား ကမ္ဘာ့ကုန်ထုတ်လုပ်မှု ဗဟိုချက်နိုင်ငံအဖြစ်မှ နိဂုံးချုပ်သွားစေမည့် ကိုရိုနာဗိုင်းရပ်စ်

တရုတ်အား ကမ္ဘာ့ကုန်ထုတ်လုပ်မှု ဗဟိုချက်နိုင်ငံအဖြစ်မှ နိဂုံးချုပ်သွားစေမည့် ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ်သစ် (Covid-19) သည် တရုတ်တို့ နှစ်ပေါင်း ၃၀ နီးပါးမျှ ကမ္ဘာ့ကုန်ထုတ်လုပ်ငန်းဦးဆောင်လာမှုကို ပြည်ဖုံးကားချ အဆုံးသတ်စေတော့မည်ဖြစ်သည်။

အကြီးစားရင်းနှီးမြှုပ်နှံမှုသုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် Bretton Woods Research မှ အကြီးအကဲ Vladimir Signorelli က တရုတ်နိုင်ငံကို ဗဟိုအချက်အချာအဖြစ် အသုံးပြုခြင်းဆိုသည့် မော်ဒယ်သည် ယခုသတင်းပတ်တွင် အဆုံးသတ်သွားပြီဖြစ်ကြောင်းပြောခဲ့သည်။

တရုတ်နိုင်ငံ၏စီးပွားရေးသည် ဈေးကွက်ဆိုသည်ထက် ကိုရိုနာဗိုင်းရပ်စ်၏ ရိုက်ခတ်မှုကို ပိုမိုပြင်းထန်စွာ ခံနေရသည်။ Wall Street သည် လွန်ခဲ့သောအပတ်က အဆိုပါအချက်ကို နောက်ဆုံးအနေဖြင့် သဘောပေါက်ဟန်ရှိခဲ့သည်။ တရုတ်၏ စတော့ဈေးကွက်အညွှန်းကိန်း (S & P 500) သည် (၈) ရာခိုင်နှုန်းကျော်အထိကျဆင်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံရသည့် နိုင်ငံများအားလုံးတွင် အဆိုးရွားဈေးကွက်ဖြစ်ခဲ့သည်။

ဘေကျင်းသည် နှစ်သစ်ကူးအားလပ်ရက်ကို ထပ်တိုးရန် ဇန်နဝါရီ ၂၃ ရက်၌ ထုတ်ပြန်ကြေညာခဲ့ပြီး လုပ်ငန်းခွင်ပြန်ဝင်မည့်ရက်ကို ရွှေ့ဆိုင်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ပြည်အလယ်ဗဟို ဟူပေပြည်နယ်တွင် လျင်မြန်စွာ ပျံ့နှံ့ကူးစက်နေခဲ့ပြီး လူဦးရေသန်း ၆၀ နီးပါးကို အသွားအလာကန့်သတ်ခြင်း သီးသန့်စောင့်ကြည့်ခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ ဤရောဂါကပ်ဘေး၏ ကြောက်မက်ဖွယ် အကောင်းဆုံး လက္ခဏာသွင်ပြင်သည် ရေတိုစီးပွားရေး ထိခိုက်ခြင်းသာမကဘဲ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် (supply chain) အတွက် ရေရှည်ပြတ်တောက်မှုအလားအလာပါ ဖြစ်လာသည်ဟု China Beige Book ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Shehzad H.Qazi က Barron က သောကြာနေ့ထုတ် Barron သတင်းစာတွင် ရေးသားခဲ့သည်။

တရုတ် မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဓာတုစက်ရုံများသည် အခြားကဏ္ဍများထက် လုပ်ငန်းပိုမိုပိတ်သိမ်းကြကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်အထိ ကုမ္ပဏီအများစုတွင် IT အလုပ်သမားများ ရုံးပြန်မတက်သေးကြောင်း၊ ရေကြောင်း အသုံးပြုပို့ဆောင်မှုနှင့် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှုပိုင်းဆိုင်ရာ ကုမ္ပဏီများသည် တစ်နိုင်ငံလုံးပျမ်းမျှ အတိုင်းအတာနှင့် လုပ်ငန်းပိတ်သိမ်းမှုနှုန်း ပိုမြင့်မားကြောင်း၊ လာမည့်လများတွင် ဆေးဝါးဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်များ၊ ကားအစိတ်အပိုင်းပစ္စည်းများ၊ အီလက်ထရွန်းနစ်ပစ္စည်းများအားဖြင့် ဆိုးဆိုးရွားရွား ပစ္စည်းပြတ်တောက်မှု ဂယက်ကို ခံစားကြရလိမ့်မည်ဟု Shehzad က ရေးသားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် တရုတ်ကုမ္ပဏီများသည် အရှိန်ရလာကာ ၎င်းတို့၏ စီးပွားအစုအစပ်များသည် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အရှေ့တောင်အာရှတစ်လွှားသို့ ပြောင်းကာ ခြေဆန့်ခဲ့ကြသည်။ ဝူဟန်မြို့တွင် လင်းနို့ကတစ်ဆင့် ကူးစက်ခံရသည်ဟု ယူဆနေကြသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဝင်ရောက်လာသည့် အခုအချိန်အခါတွင်မူ  ထရမ့်အားကိုးနှင့် တရုတ်အပေါ် ဆယ်စုနှစ်များစွာ မှီခိုလာမှုကို ပြန်လည်စဉ်းစားနေကြရသည်။

နှာခေါင်းစည်းများသည် တရုတ်နိုင်ငံထုတ် ပစ္စည်းများဖြစ်သောကြောင့် ဥရောပရှိ ဈေးဆိုင်များတွင် အဆိုပါပစ္စည်းများလည်း ဝယ်မရနိုင်ဖြစ်နေသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ရပ်သည် တရုတ်တို့၏ နိဂုံးပင်ဖြစ်သည်။ ကုန်ကျစရိတ်နည်းနည်းနှင့် ကုန်ထုတ်လုပ်သည့်နိုင်ငံ ထပ်မံဖြစ်လာတော့မည်မဟုတ်ပေ။ ထိုရက်များသည် ဆုံးခန်းတိုင်တော့မည်ဖြစ်သည်။ အကယ်၍ ပြန်လည်ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရပါက ယခုဖြစ်စဉ်ကို အရှိန်မြင့်လာစေမည်သာဖြစ်ပြီး ဒုတိယအဆင့် ကုန်သွယ်ရေးသဘောတူညီချက် မအောင်မြင်ပါက ကုမ္ပဏီများသည် ကြုံလာမည့်အရာအတွက် စိုးရိမ်ပူပန်နေရပေလိမ့်မည်။

နိုင်ငံသစ်တစ်ခု သို့မဟုတ် နိုင်ငံများကို ရွေးချယ်ရခြင်းသည် လွယ်ကူသည့်အလုပ်မဟုတ်ပေ။ မည်သည့်နိုင်ငံမှ တရုတ်ကဲ့သို့ ထောက်ပံ့ပို့ဆောင်စီမံဖွဲ့စည်းမှုစနစ် မရှိကြပေ။ 

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့သည် မနှစ်က ကုန်သွယ်မှုသဘောတူစာချုပ်အသစ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး မက္ကဆီကိုသည် ကြီးကြီးမားမား အကျိုးခံစားရမည်ဖြစ်သည်။

အခုအချိန်အခါသည် မက္ကဆီကိုနိုင်ငံအတွက် အလှည့်ရောက်ချိန်ဖြစ်ပါသည်။

မက္ကဆီကိုနှင့် အမေရိကန်တို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး မက္ကဆီကိုသမ္မတ Andres Manuel Lopez Obrador  သည် ၎င်းနိုင်ငံတွင် စက်ရုံနှင့်ကာယအလုပ်သမား များပြားလာမှုကို တွေ့မြင်ချင်သူဖြစ်သည်။ ဗဟိုအမေရိကမှ အမေရိကန်သို့ ဝင်ရောက်လာမှုကို လျှော့ချနိုင်ပြီး အမေရိကန် ပညာတတ်လူတန်းစားများအတွက် လုပ်အားခများ လျော့နည်းသွားမည်ဆိုပါက ထရမ့်ကလည်း ထိုအချက်ကို လိုလားမည်ဖြစ်သည်။

ဥပဒေအကျိုးဆောင်ကုမ္ပဏီ Foley & Lardner LLp ၏ ဖေဖော်ဝါရီ ၂၅ ရက်က ထုတ်ပြန်ခဲ့သော 2020 International Trade and Trends in Mexico survey တွင် အမှုဆောင်အရာရှိချုပ် (၁၆၀) ဦး ပါဝင်ဖြေကြားထားကြပြီး ကုန်ထုတ်လုပ်ငန်း၊ မော်တော်ကားနှင့် နည်းပညာကုမ္ပဏီများသည် တခြားနိုင်ငံများမှ ၎င်းတို့လုပ်ငန်းများကို  မက္ကဆီကိုသို့ပြောင်းရွှေ့ရန် ရည်ရွယ်ထားကြပြီး လာမည့် တစ်နှစ်မှ ငါးနှစ်အတွင်း အကောင်အထည်ဖော်ရန် စီစဉ်ထားကြသည်။

တရုတ်နှင့် ပထမအဆင့် ကုန်သွယ်မှုသဘောတူညီချက်သည် တိုးတက်မှုရှိသော်လည်း တရုတ်ကို အလွန်အမင်းအားကိုးခြင်းသည် စီးပွားရေးအတွက် မကောင်းကြောင်း ယာယီကပ်ရောဂါဖြစ်ကောင်းဖြစ်နိုင်သည့် ကိုရိုနာဗိုင်းရပ်စ်က သက်သေပြလျက်ရှိသည်။

“အမေရိကန်ဆီက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ရဲ့လားရာဟာ  မက္ကဆီကိုဘက်ကို ပြောင်းသွားနိုင်ပါတယ်၊ တရုတ်နဲ့ ဥရောပရဲ့ FDI က တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကနေ ၁၉ ဘီလီယံအထိ ရှိတယ်၊ FDI ကြောင့် မက္ကဆီကိုရဲ့ GDP ကိုလည်း  တစ်နှစ်ကို ၄ ဒသမ ၇ ရာခိုင်နှုန်းနဲ့ တိုးတက်စေလိမ့်မယ်။” ဟု  မက္ကဆီကိုမှ Tempest Capital  တည်ထောင်သူ Sebastian Miralles  က ပြောသည်။

မက္ကဆီကိုအနေဖြင့် အမေရိကန်နှင့်တရုတ်အကြား ပထဝီနိုင်ငံရေး စိတ်ဝမ်းကွဲနေမှုကို အခွင့်ရေးယူ၍ကောင်းသည့် အကောင်းဆုံးအနေအထား၌ရှိနေသည်။ အိမ်နီးချင်း အမေရိကန်နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်လည်းရှိသည့်အတွက် ကုန်ကျစရိတ်လည်းနည်းမည် ဖြစ်သည်။  

(၂၅) ကျော်သက်တမ်းရှိ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် မက္ကဆီကိုသည် ကုန်တင်ကား၊ မော်တော်ကား၊ လျှပ်စစ်ပစ္စည်း၊ ရုပ်မြင်သံကြားစက်နှင့် ကွန်ပျူတာများ ကို ထိပ်တန်းထုတ်လုပ်တင်ပို့သူဖြစ်လာသည်။ မက္ကဆီကိုမှ နယူးယောက်သို့ သင်္ဘောဖြင့် ကုန်စည်များပို့ဆောင်ရာမှာ ငါးရက်သာကြာပြီး ရှန်ဟိုင်းမှဆိုလျှင် ရက် (၄၀) ကြာသည်။

မက္ကဆီကိုသည် လေယာဉ်အင်ဂျင်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းအသေးစားများ ကဲ့သို့သော ခက်ခဲရှုပ်ထွေးသော  ပစ္စည်းများကိုလည်းထုတ်လုပ်ပြီး စက်မှုပညာရပ်တွင် ကမ္ဘာ့အဆင့် (၈) ရှိသည်။ နိုင်ငံအများအပြားတွင်အခြေစိုက်သည့် ကုမ္ပဏီအတော်များများ မက္ကဆီကိုတွင်ရှိသည်။ General Electric ၊ Boeing နှင့် Kia Motors စသည့် ကုမ္ပဏီများလည်း ရှိသည်။

မက္ကဆီကိုသည် ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါးလုပ်ငန်းနှင့် တရားမဝင်လုပ်ငန်းများလည်းရှိသည့်အတွက် နိုင်ငံခြားရပ်ခြားမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် စီးပွားလုပ်ငန်းများအတွက် ဘေးကင်းလုံခြုံမှုက စိုးရိမ်စရာဖြစ်သည်။ ဘေးကင်းလုံခြုံသောနိုင်ငံသာဖြစ်ပါက လက်တင်အမေရိကတွင် အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။

Foley ၏ လေ့လာဆန်းစစ်မှုအစီရင်ခံစာအရ ဖြေကြားခဲ့သည့် ကုမ္ပဏီသုံးပုံနှစ်ပုံသည် နှစ်အနည်းငယ်အတွင်း တခြားနိုင်ငံမှ ၎င်းတို့လုပ်ငန်းများကို မက္ကဆီကိုသို့ပြောင်းရွှေ့ရန် စီစဉ်ထားကြကြောင်း ပြောသည်။ စစ်တမ်းတွင် ပါဝင်ဖြေကြားခဲ့သည့် လေးပုံတစ်ပုံခန့်သည် ကုန်သွယ်ရေးစစ်ပွဲကြောင့် လုပ်ငန်းများကို ပြောင်းရွှေ့ပြီးဖြစ်သည်ဟု ဆိုသည်။ လုပ်ငန်းရွှေ့ပြောင်းရန် စဉ်းစားနေကြသူ (၈၀) ရာခိုင်နှုန်းက လာမည့် (၂) နှစ်အတွင်း အကောင်အထည်ဖော်မည်သွားကြမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required