စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မြန်မာအမျိုးသမီးနှင့် အနီးကပ် နေထိုင်ခဲ့သော အမျိုးသားကို အနေအထိုင်ကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာများ စစ်ဆေးမည်

စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မြန်မာအမျိုးသမီးနှင့် အနီးကပ် နေထိုင်ခဲ့သော အမျိုးသားကို အနေအထိုင်ကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာများ စစ်ဆေးမည်

ရန်ကုန်၊ မတ် ၃။            ။ စင်္ကာပူနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ခံရသူ မြန်မာအမျိုးသမီးနှင့် အနီးကပ်ထိတွေ့နေထိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ရောဂါလက္ခဏာများမတွေ့ရသေးသော်လည်း ကျောက်ပန်းတောင်းဆေးရုံတွင်  အနေအထိုင်ကန့်သတ်စောင့်ကြည့်ထားပြီး ဓာတ်ခွဲနမူနာများစစ်ဆေးသွား မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ဒေါက်တာခင်ခင်ကြီးက "သံသယလူနာလည်း မဟုတ်ဘူး။ စောင့်ကြည့်လူနာလည်း မဟုတ်ဘူး။ စင်္ကာပူနိုင်ငံက သတင်းပေးပို့လာလို့၊ စင်္ကာပူနိုင်ငံမှာ နေထိုင်တဲ့ ဝန်ထမ်းတစ်ယောက်မှာ ရောဂါတွေ့တယ်ပြောတယ်။ သူနဲ့အတူ အနီးကပ်နေထိုင်မှုရှိခဲ့သူအမျိုးသားက ၂၆ ရက်နေ့က စင်္ကာပူကနေ မြန်မာပြန်သွားတယ်ဆိုပြီး သတင်းပေးပို့ပါတယ်။ သတင်းပေးတာနဲ့ တစ်ပြိုင်နက် အဲ့အမျိုးသားကို လိုက်ရှာတယ်။ သူ့ကို မန္တလေးကျောက် ပန်းတောင်းမှာ တွေ့တဲ့အတွက် ကျောက်ပန်းတောင်းဆေးရုံမှာ Hospital quarantine (ဆေးရုံတွင် အနေအထိုင်ကန့်သတ်စောင့်ကြည့်) ထားပါတယ်။ သူ့ဆီကတော့ ဓာတ်ခွဲနမူနာယူမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ရောဂါရှိကြောင်း positive ဖြစ်သွားတဲ့သူနဲ့ နီးကပ်မှုရှိခဲ့တာကြောင့်ပါ" ဟု ပြောသည်။

မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးသည် စင်္ကာပူနိုင်ငံမှ ရောဂါဖြစ်ပွားသူတစ်ဦးနှင့် အနီးကပ်ထိတွေ့နေထိုင်ခဲ့သောကြောင့် စင်္ကာပူနိုင်ငံရှိနေအိမ်တွင် အသွားအလာကန့်သတ်ပြီး ရောဂါဖြစ်ပွားမှုရှိ၊ မရှိ စောင့်ကြည့်ခံနေရစဉ် မတ်လ ၁ ရက်နေ့၌ COVID -19 ရောဂါရှိနေကြောင်း ဓာတ်ခွဲအတည်ပြုထားသည်။ ထို့ကြောင့် စင်္ကာပူနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့တွင်ပဲ ရောဂါကူးစက်ခံထားရသူ အဆိုပါမြန်မာအမျိုးသမီးနှင့် စင်္ကာပူနိုင်ငံတွင် အနီးကပ်ထိတွေ့နေထိုင်ခဲ့သော မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ဝင်သွားကြောင်း မြန်မာနိုင်ငံဘက်ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသားအမျိုးသမီးနှင့် အနီးကပ်ထိတွေ့ခဲ့ပြီး မြန်မာနိုင်ငံပြန်လာသော အမျိုးသားနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ကို ဆေးရုံတွင် အနေအထိုင်ကန့်သတ် စောင့်ကြည့်ထားပြီး လိုအပ်ပါက ဇနီး၏ ဓာတ်ခွဲနမူနာများကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောသည်။

"သူ့ဇနီးပါ တင်ထားလိုက်တာပေါ့နော်။ စောင့်ကြပ်ကြည့်ရှုတယ်ဆိုတာ သူတို့ရဲ့ အသွားအလာကို ကန့်သတ်တားမြစ်လိုက်တာပေါ့။ ဟို စင်္ကာပူက အမျိုးသမီးက Positive (ရောဂါရှိကြောင်း ဓာတ်ခွဲအတည်ပြု)ဖြစ်တယ်။ တကယ်လို့ သူ Positive ဖြစ်မယ်ဆိုရင် သူ့ဇနီးကို စစ်ရမှာပေါ့" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် မတ်လ  ၂ ရက် ညနေအထိ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အနေအထိုင်ကန့်သတ်စောင့်ကြည့်နေသော လူနာ ၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly