ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် Dr Stephan Jost အား တွေ့ဆုံမေးမြန်းခြင်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် Dr Stephan Jost အား တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် Dr Stephan Jost ကို အိန္ဒိယ၌တွေ့ဆုံစဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုထိန်းချုပ်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအကြောင်း အောက်ပါအတိုင်းတွေ့ဆုံမေးမြန်းခဲ့သည်။

မေး ။   ။ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်းလေး ရှင်းပြပေးပါဦး။

ဖြေ ။   ။ ကိုရိုနာဗိုင်းရပ်စ်ကတော့ အများအားဖြင့် တိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်တာဖြစ်ပြီးတော့ လူတွေမှာဆို ဖျားနာတာတွေဖြစ်မယ်၊ အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေပေါ့ ၊ အသက်ရှူ ကျပ်တာ၊ အသက်ရှူမဝတာ၊ ကိုယ်ပူတာတွေဖြစ်မယ် နောက် အပြင်းအထန်ဖျားနာပြီး အသက်ဆုံးရှုံးတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

ဒီဗိုင်းရပ်စ်မျိုး အရင်က တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ တောရိုင်းတိရစ္ဆာန်တွေရောင်းချတဲ့ ဝူဟန်မြို့ ပင်လယ်စာဈေးကနေ မြစ်ဖျားခံခဲ့တာပါ၊ အဲဒီကနေတစ်ဆင့် ပျံ့နှံ့လာခဲ့ပြီးတော့ တိရစ္ဆာန်က ကူးစက်တာလို့ ပြောကြပါတယ်။  

အခုအချိန်မှာ အဲဒီဗိုင်းရပ်စ်ကိုတားဆီးဖို့နဲ့ ဖျားနာနေတဲ့လူနာတွေကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်၊ တစ်ချိန်တည်းမှာပဲ နောက်ထပ် ရောဂါပျံ့နှံ့မှုမရှိအောင် တားဆီးရမယ်၊ ကြိုတင်ကာကွယ်မှုတွေလုပ်ရမယ်၊ သံသယရှိသူတွေကို စောင့်ကြည့်စစ်ဆေးမှုတွေတိုးမြှင့်လုပ်ဆောင်ရမယ်၊ လူသားမျိုးနွယ်အတွက် ဒီဗိုင်းရပ်စ်ကိုတိုက်ဖျက်ဖို့ ကမ္ဘာတစ်ဝှမ်း ကြိုတင်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ရမယ်။

မေး ။   ။ အကြံပြုချင်တာများ ရှိပါသလား၊ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုထိန်းချုပ်နိုင်ပါသလဲ။

ဖြေ ။  ။ ပထမဆုံးအနေနဲ့ သံသယလူနာတွေ ဝင်ထွက်သွားလာနိုင်တဲ့ နိုင်ငံရဲ့ ဝင်ပေါက်ထွက်ပေါက်နေရာတွေမှာ စောင့်ကြည့်စစ်ဆေးမှု အဆက်မပြတ်လုပ်ဖို့ အရေးကြီးပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူတွေ၊ အသက်ရှူကျပ်တာတို့၊ ကိုယ်ပူဖျားနာပြီး ချောင်းဆိုးနေတဲ့လူတွေ၊ နောက်ပြီး တရုတ်နိုင်ငံကိုသွားရောက်ထားသူတွေ ဒါမှမဟုတ် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့ နိုင်ငံကိုသွားထားတဲ့သူတွေဟာ သံသယရှိလူနာတွေပါ၊ အဲဒီလက္ခဏာရှိသူတိုင်း ကိုရိုနာရှိတာတော့မဟုတ်ပေမယ့် စောင့်ကြည့်စစ်ဆေးဖို့တော့လိုပါတယ်။

နောက်တစ်ချက်က တတ်နိုင်သလောက် ကြိုတင်ကာကွယ်မှုတွေ လုပ်ရပါမယ်၊  လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ မကြာခဏဆေးကြောပေးပါ၊ တောရိုင်းတိရစ္ဆာန်တွေကို မကိုင်တွယ်ပါနဲ့ ကိုင်တွယ်ပြီးရင်လည်း လက်ကိုသေချာဆေးကြောကြရပါမယ်။ တကယ်လို့ အဖျားလက္ခဏာရှိပြီး အသက်ရှူရတာအခက်အခဲဖြစ်နေတာ အသက်ရှူကျပ်တာတို့ဖြစ်ပြီး အအေးမိရောဂါလို လက္ခဏာတွေပြနေမယ်ဆိုရင် ဆရာဝန်ဆီက ချက်ချင်း အကြံဉာဏ်ရယူပြီး ခရီးသွားလာမှုမှတ်တမ်းကို ပြောပြပါ။ ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ပါ။ ဘာလို့လဲဆိုတော့ ဆေးလိပ်သောက်တာက အဆုတ်ကျန်းမာရေးကို ထိခိုက်စေပြီးတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကိုဖြစ်စေလို့ပါ၊ အဲဒီလိုရောဂါရှိတဲ့လူတွေနဲ့လည်း ဝေးဝေးနေပါ၊  သူတို့ကိုလည်း ဂရုစိုက်ပေးပါ၊ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကို မဖျားနာအောင် ဂရုပြုရပါမယ်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကိုကာကွယ်နိုင်ဖို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ကာကွယ်ထိန်းချုပ်တာတွေ လုပ်ဆောင်နေဖို့ အရေးကြီးပါတယ်၊ ကောင်းကောင်းအိပ် ကောင်းကောင်းစား လေ့ကျင့်ခန်းလေးတွေလုပ်ပြီး ကျန်းမာစေတဲ့နေထိုင်မှုပုံစံတွေ လိုက်နာရပါတယ်၊ နောက်ပြီး ခုနကပြောသလို လက်ကို ဆပ်ပြာ ရေတို့နဲ့ မကြာခဏဆေးပါ၊ ဖျားနာလာရင် ဆေးကုသမှုဆိုင်ရာ အကြံဉာဏ်တွေ ရယူပါ။

မေး ။   ။ လူတိုင်းက နှာခေါင်းစည်းတွေ ဝယ်သုံးလိုကြတယ်၊ ဆရာ့အနေ့နဲ့ရော ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ ။  ။ နှာခေါင်းစည်းတွေက အသုံးဝင်တယ်ဆိုပေမယ့် အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံက အကူဝန်ထမ်းတွေလို အမှန်တကယ်လိုအပ်တဲ့သူတွေပဲ ဖျားနာမှုမရှိအောင် ဆောင်ထားသင့်ပါတယ်။ နောက်ပြီး ကိုယ်ကိုယ်တိုင် နေမကောင်းဖြစ်နေရင်တော့ အခြားသူတွေကို ရောဂါမကူးအောင် နှာခေါင်းစည်းတပ်ပါ။ အခြား ဥပမာတစ်ခုအနေနဲ့ လူထူထပ်တဲ့နေရာတွေနဲ့ ခုလိုအခြေအနေအချိန်အခါမျိုးမှာ လေယာဉ်စီးတဲ့အခါ  ရောဂါကူးစက်မှုလျော့နည်းအောင် နှားခေါင်းစည်း သုံးနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ရယ်လို့တော့မဟုတ်ပေမယ့် လေယာဉ်ဟာ နေရာအကန့်အသတ်နဲ့ဖြစ်ပြီး လေဝင်လေထွက်မရှိတာကြောင့် ကူးစက်မှုအန္တရာယ်ရှိတယ်ဆိုတာတော့ သိသာထင်ရှားပါတယ်။

မေး ။   ။ မြန်မာနိုင်ငံမှာရော အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။   ။ မြန်မာ့ကျန်းမာရေးအာဏာပိုင်တွေက ဒီကိစ္စကို အရေးတယူလုပ်ကြပါတယ်။ နိုင်ငံ့ဝင်ပေါက်ဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်က အပြည်ပြည်ဆိုင်ရာလေဆိပ်တွေ၊ ပင်လယ်ဆိပ်ကမ်းနဲ့ နယ်စပ်ဂိတ်တွေမှာ  စောင့်ကြည့်စစ်ဆေးမှုတွေ သေချာလုပ်ကြတယ်။ အစောပိုင်းကတည်းက ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တယ်၊ ကျန်းမာရေးထောက်ခံချက်ကဒ်တွေပေးတယ်၊ ရောဂါဖြစ်လာနိုင်ခြေ ရှိ မရှိ လူနာကိုဆက်လက်စောင့်ကြည့်ဖို့ လိုအပ်တာတွေဆောင်ရွက်တယ်။ သံသယရှိလူနာတွေကို စောင့်ကြည့်တာတို့ သီးခြားထားတာတို့လုပ်ကြတယ်၊ ဒီနေ့အချိန်ထိ စောင့်ကြည့်လူနာ ၂၈ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကင်းစင်တာ တွေ့ရပါတယ်။ လတ်တလော စိတ်ဝင်စားမြင့်တက်နေတဲ့ ကိစ္စဖြစ်ပြီးတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးတို့ဘက်ကလည်း နေ့စဉ်ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်၊ ဒီကိစ္စအတွက် ကဏ္ဍပေါင်းစုံကနေ ဝိုင်းဝန်းဆောင်ရွက်ပေးကြပါတယ်၊  ပြည်သူလူထုကိုလည်း ရောဂါကြိုတင်ကာကွယ်ဖို့ သတင်းအချက်အလက်တွေနဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေပေးပြီး  ကူးစက်မှုနဲ့ ထိန်းချုပ်မှုကို အသားပေးလုပ်နေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကူးစက်ရောဂါ ကြိုတင်ပြင်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ တခြားနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်တွေ ကူးစက်ပျံ့နှံ့နေပြီဖြစ်လို့ အချိန်မရွေး နေရာမရွေး ဒါက ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စောင့်ကြည့်စစ်ဆေးမှုကောင်းကောင်းလုပ်ဖို့ အရမ်းအရေးကြီးပါတယ်။

မေး ။   ။ ဆရာက အိန္ဒိယကိုလည်း ရောက်နေတယ်၊ အိန္ဒိယနိုင်ငံက အကြီးကြီးလည်းဖြစ်တယ်၊ တရုတ်နိုင်ငံနဲ့လည်း နယ်နိမိတ်အရှည်ကြီးထိစပ်နေတယ်။ ဒီအခြေအနေအတွက် WHO အနေနဲ့ ဘယ်လိုပြင်ဆင်ထားရှိပါလဲ။

ဖြေ ။  ။ ကျွန်တော်က မြန်မာနိုင်ငံမှာ အခြေစိုက်ပေမယ့် အိန္ဒိယက နေ့စဉ်လုပ်ငန်းဆောင်တာတွေတော့ သိပ်အကျွမ်းမဝင်ပါဘူး၊ ဒါပေမယ့် အတွေ့အကြုံအရတော့ သိနေပါတယ်၊ အိန္ဒိယလည်း  ဒီဖြစ်စဉ်ကို အသည်းအသန် အလေးထားပါတယ်၊ အိန္ဒိယတောင်ပိုင်းစွန်း Kerala ပြည်နယ်မှာ ကူးစက်ခံရသူ သုံးယောက်ရှိခဲ့တယ်၊ ကျွန်တော်သိရတာကတော့ သူတို့ကို သေချာကုသပေးခဲ့ကြပြီး အခု ဆေးရုံကဆင်းလို့ ကျန်းကျန်းမာမာဖြစ်နေကြပါပြီ၊ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်လိုက်နိုင်တဲ့ ဥပမာကောင်းတစ်ခုပါ၊ Kerala ဟာ ကျန်းမာရေးစနစ်၊ အားသွန်ခွန်စိုက် စောင့်ကြည့်စစ်ဆေးမှုနဲ့ တုံ့ပြန်မှုတွေကောင်းတဲ့ ပြည်နယ်တစ်ခုအဖြစ်သိကြပါတယ်။ ဒါဟာ အရမ်းအရေးကြီးပါတယ်၊ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတဲ့အခြေအနေမှာ ဒါကို သက်သေပြနိုင်လိုက်ပါတယ်။

 

(အထက်ပါအင်တာဗျူးသည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် Dr Stephan Jost အား အိန္ဒိယတွင် တွေ့ဆုံစဉ် မေးမြန်းထားခြင်းဖြစ်ပါသည်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly