ရုပ်ပိုင်းဖွံ့ဖြိုးမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း ကလေးတွေအတွက် အရေးပါပါတယ်

ရုပ်ပိုင်းဖွံ့ဖြိုးမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း ကလေးတွေအတွက် အရေးပါပါတယ်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

၉ လ လွယ်လို့ ၁၀ လ ဖွားထားရတဲ့ ကလေးကို အကောင်းဆုံး မကြီးပြင်းစေချင်တဲ့ မိဘ ဘယ်မှာ ရှိလိမ့်မလဲ။ ဗိုက်ထဲ လွယ်ထားရကတည်းက ကလေး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ အစားအစာ တစ်ခုချင်းစီတိုင်း လှုပ်ရှားမှု တစ်ရပ်ချင်းစီ တိုင်းကို သေချာ ဂရုစိုက် ခဲ့ကြတာ မိဘတွေပါ။ ဒီလို ဂရုစိုက်မှုတွေက အရွယ်ရောက် တဲ့အထိ လစ်ဟင်းမှု တစိုးတစိ မရှိတတ်ကြပါဘူး။ ဒီတစ်ခေါက်တော့ ကလေးကို အကောင်းဆုံး ဂရုစိုက်ပေးချင်တဲ့ မေမေ ဖေဖေတို့ သတိလက်လွတ် ဖြစ်နေနိုင်တဲ့ အချက်လေး တစ်ခု အကြောင်း ပြောပြပေးချင်ပါတယ်။
ဖေဖေ မေမေတို့က ဘာကို သတိလက်လွတ် ဖြစ်နေတာလဲ။

ကလေး တစ်ယောက် ဖွံ့ဖြိုးဖို့ဆိုရင် ဖေဖေ မေမေတို့ ဘာကိုအရင်ဆုံးပြေးမြင်မိလဲ။ သန်သန်မာမာ ထွားထွားကြိုင်းကြိုင်းနဲ့ ပြေးလွှားဆော့ကစားနေတဲ့ ပုံရိပ်တွေကို ပြေးမြင်မိလိမ့်မယ်။ အဲဒီအတွက် အစားအသောက်ကို ကောင်းကောင်းကျွေးမယ်၊ အာဟာရ ပြည့်ဝအောင် ဂရုစိုက်မယ်။

ကလေးက ပိန်နေလား၊ ဝနေရဲ့လား ပုံမှန်ရော ထွားရဲ့လား ဆိုတာတွေကို သတိထားမယ်။ ဒါပေမယ့် ဘာကို သတိလက်လွတ် ဖြစ်နေလဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပဲ အရမ်းသတိထားဂရုစိုက်မိ နေတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ပြုစုပျိုးထောင် ရမှာတွေကိုတော့ မေ့နေတတ်တယ်။

မိဘတွေဟာ ကိုယ့်ကလေးကို အောင်မြင် စေချင်တယ်၊ တိုးတက် စေချင်တယ်။ ဘဝမှာ မြင့်မားတဲ့နေရာမှာ ရောက်နေတာကို မြင်ချင်ကြတယ်။ အဲဒီလို ဖြစ်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နဲ့တင်မလုံလောက် နိုင်ဘူး။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ပေါင်းသင်းဆက်ဆံရေး ကောင်းမှုတွေ ကလည်း အရမ်း အရေးပါ ပါတယ်။ ဒီအတွက် ကိုယ့်ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ဖွံ့ဖြိုးဖို့အတွက် ဘာတွေလုပ်ကြရမလဲ ဘာတွေ ကျွေးကြရမလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးပေး ထားပါတယ်။
(က) ဘယ်လို အစားအသောက်တွေ ကျွေးမလဲ။

ကလေးက အာဟာရ ပြည့်ဝမှ ကျန်းမာ မှာပါ။ ကျန်းမာမှ ဦးနှောက် နဲ့ အာရုံကြောတွေ အကောင်းဆုံး ဖွံ့ဖြိုးပြီး လေ့လာသင်ယူ နိုင်စွမ်း၊ သိမြင်မှု စွမ်းရည်တွေကောင်းမွန် မှာပါ။ ဒီတော့ ကလေးကို စိတ်ရော ကိုယ်ပါ ကျန်းမာတဲ့ ကလေး တစ်ယောက် အဖြစ် ကြီးပြင်း အရွယ်ရောက်စေဖို့ နေ့စဉ် စားသုံးတဲ့ အာဟာရထဲမှာ

ပရိုတင်း

ကြွက်သား နဲ့ ခန္ဓာကိုယ်က တစ်ရှူးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါ ပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ အတွက်လည်း အကောင်းဆုံး ထောက်ပံ့ပေး နိုင်ပါတယ်။

သံဓာတ်

သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေး ပါတယ်။ ကလေးကြီးထွား ဖို့အတွက် လိုအပ်တဲ့ အရာတစ်ခု ဖြစ်တဲ့ ကိုယ်တွင်းမှာ အောက်ဆီဂျင်ရောက်ရှိ စေဖို့လည်း အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ပါတယ်။ သွေးအားနည်းရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းလည်း ကောင်းစေ ပါတယ်။

ဗီတာမင် D

ဖွံ့ဖြိုးမှု စတင်နေတဲ့ ကလေး တစ်ယောက် အတွက် အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံး အထောက်အကူပြု ပေးနိုင်ပါတယ်။

ကယ်လ်ဆီယမ်

အရိုး နဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်း စေဖို့အတွက် အရေးပါ ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ (Omega – 3 Fatty Acid)

အဆီ ဆိုတိုင်း မကောင်းတာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီက ကလေးရဲ့ ဦးနှောက် နဲ့ အာရုံကြောတွေ ဖွံ့ဖြိုးဖို့အတွက် အရေးပါ ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင် တွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့၊ ဇီဝတွင်း ဖြစ်စဉ်တွေ အကောင်းဆုံး လည်ပတ်နိုင်စေဖို့ နဲ့ ခန္ဓာကိုယ် ကျန်းမာ စေဖို့အတွက် မဖြစ်မနေ လိုအပ် ပါတယ်။

ဗီတာမင် C

ကလေးရဲ့ ဉာဏ်ရည် နဲ့ ကိုယ်ခံအားစနစ် ကောင်းစေဖို့ ထောက်ပံ့ပေး ပါတယ်။ အနာကျက် စေနိုင်သလို ခန္ဓာကိုယ်ကို သံဓာတ် စုပ်ယူနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေး ပါတယ်။

Prebiotics (အကျိုးပြုဘက်တီးရီးယား အာဟာရ)

အစာခြေစနစ် ကျန်းမာမှုက ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ အချက် တစ်ခုပေါ့။ ဒီ အစာခြေစနစ်ကို ဟန်ချက်ညီအောင် ထိန်းပေးတာက အကျိုးပြုဘက်တီးရီးယား (Probiotics)၊ သူတို့ကို အကောင်းဆုံး စွမ်းဆောင်ရည်ရအောင် ပံ့ပိုးပေးတာက အကျိုးပြု ဘက်တီးရီးယား အာဟာရ (Prebiotics) ပါ။

Prebiotics တွေက အူထဲမှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေကို လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံး စုပ်ယူပေးနိုင်အောင် အထောက်အပံ့ ပေးလို့ ကလေးကို စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာဖွံ့ဖြိုး စေနိုင်မှာပါ။

ဖောလိတ်

ကလေးရဲ့ဆဲလ် ကျန်းမာစွာ နဲ့ ဖွံ့ဖြိုးလာစေဖို့ အရေးပါ ပါတယ်။ ဉာဏ်ရည် ဖွံ့ဖြိုးစေဖို့ နဲ့ သွေးအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

အမျှင်ဓာတ်

ဝမ်းမှန်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝအောင် ကျွေးပေးတာက အသက်ကြီးလာ တဲ့အခါ ကလေးကို နှလုံးရောဂါ နဲ့ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။
(ခ) စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးအောင် ဘယ်လိုပျိုးထောင်မလဲ။

ချစ်ခင်မှုကို ပြသပါ။

မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို ချစ်ခင်တဲ့ ပုံစံချင်း ကွာခြားတတ် ကြပါတယ်။ ကိုယ့်ကလေးကို ထွေးပွေ့တာ၊ နမ်းရှုံတာ၊ ချစ်ခင် တဲ့အကြောင်းပြောတာတွေက ကိုယ့်ရဲ့ကလေးအတွက် အချစ်ခံရတယ်ဆိုတဲ့ ခံစားချက် နဲ့ သူ့ကိုယ်သူ ကျေနပ်မှုတွေ ဖြစ်ပေါ်စေ ပါလိမ့်မယ်။

အသစ်အဆန်းတွေ နဲ့ ထိတွေ့ဖို့အတွက် အားပေးပါ။

ဘဝဟာ အသစ်အဆန်းတွေ စွန့်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးလမ်း တစ်ခုပါ။ အသစ်အဆန်းတွေ့တိုင်း ကြောက်လန့် မနေဖို့ အပြောင်းအလဲတွေ အတွက် အဆင်သင့် ဖြစ်နေဖို့ဆိုရင် ကိုယ့်ကလေးကို ပျိုးထောင် တဲ့အခါမှာ အသစ်အဆန်းတွေနဲ့ ထိတွေ့ဖို့ အားပေးတာ၊ မဟန့်တားတာ တွေက အများကြီးအထောက်အကူပြု ပါလိမ့်မယ်။

တခြား ကလေးတွေနဲ့ ဆော့ကစားစေပါ။ မိတ်ဖွဲ့သိကျွမ်းစေပါ။

စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားကောင်း စေဖို့အတွက်ဆိုရင် ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်ခြင်း ကလည်း အရေးပါတဲ့ အရာတစ်ခုပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန် ဖို့ဆိုရင် ငယ်ရွယ်တဲ့ အချိန်ကတည်းက မိတ်ဖွဲ့ တတ်အောင်၊ အသင်းအဖွဲ့နဲ့ လုပ်တတ် ကိုင်တတ်အောင်၊ ပေါင်းသင်းဆက်ဆံ တတ်အောင်၊ ဆွေးနွေး ငြင်းခုန် တတ်အောင် သင်ကြား ပေးရပါလိမ့်မယ်။

ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပြသပါ။

တခြား သူတွေရဲ့ ခံစားချက်တွေကို နားလည်တတ်တာ ကိုယ်ချင်းစာပေး တတ်တာက စိတ်ခံစားမှု မြင့်မားသူတွေရဲ့ အမူအကျင့် ဖြစ်ပါတယ်။ သူများတွေရဲ့ ခံစားချက်တွေကို နားလည်နိုင် ဖို့အတွက် ကိုယ်ကနေ စတင်လို့ ရပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ အမူအရာတွေကို ကလေး နားလည်တတ်အောင် ပြောပြပေးလို့ရတယ်။ မေမေ စိတ်ဆိုးနေတယ်။ မေမေ ဝမ်းနည်းနေတယ်။ မေမေ ပျော်ရွှင်နေတယ် စသဖြင့် ပြောပြတာက သူများရဲ့ စိတ်အခြေအနေကို နားလည်တတ် လာပါလိမ့်မယ်။

သူ့ရဲ့ စိတ်ခံစားချက်တွေကို အလေးဂရုပြု နားလည်ပေးပါ။

ကလေးတွေမှာလည်း စိတ်ခံစားချက်တွေ ရှိပါတယ်။ လူကြီးတွေလောက် မရှုပ်ထွေးဘူး ဆိုရင်တောင် သူတို့မှာ သူတို့ အခြေအနေနဲ့ သူတို့ စိတ်ခံစားချက်လေး  တွေ ရှိပါတယ်။ အဲဒါတွေကို အလေးဂရုပြု ပေးသင့်ပါတယ်။ ကလေးပဲဆိုပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို လျစ်လျူရှု ထားမယ်ဆိုရင် သူတို့ရဲ့ စိတ်ခံစားချက်တွေကို အလေးထား မခံရဘူးဆိုတဲ့ ဝမ်းနည်း၊ စိတ်မကောင်း ဖြစ်မှုတွေ ဖြစ်ပေါ် စေပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly