တရုတ် ဟူပေပြည်နယ် သို့ မြန်မာအစိုးရ မှ ဆန်တန်ချိန် ၂၀၀ ပေးပို့လှူဒါန်း

တရုတ် ဟူပေပြည်နယ် သို့ မြန်မာအစိုးရ မှ ဆန်တန်ချိန် ၂၀၀ ပေးပို့လှူဒါန်း

မတ်လ၂။                ။ ကိုရိုနာဗိုင်းရပ်စ်(Covid-19) ကူးစက်မှု ကြုံတွေ့နေရသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအဖြစ် ကျပ်သိန်း ၈၆၀ တန်ဖိုးရှိ ဧည့်မထဆန် တန်ချိန် ၂၀၀ကို မြန်မာအစိုးရက မတ်လ ၁ရက်တွင် လှူဒါန်းခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့သို့ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီး ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၄)ရှိ ဆန်သိုလှောင်ရုံတစ်ခုတွင် ဆန်လှူဒါန်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေမျိုးပေါက်ဖော် ချစ်ကြည်၊ လက်တွဲညီညာမည် အားမာန်ပြည့်ဝစေ “ဟူပေ” ဟုရေးသာထားသည့် ဗီနိုင်းစာသားများကပ်ထားသည့် ကားများနှင့် ဆန်အိတ်များတင်ဆောင်ကာ ရန်ကုန်မှ မူဆယ်သို့ သုံးရက်အချိန်ယူပို့ဆောင် မည်ဖြစ်သည်။

လှူဒါန်းထားသည့် ဆန်အိတ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ၍ ကုန်တင်ယာဉ်ခြောက်စီးဖြင့် တင်ဆောင်ကာ တရုတ်-မြန်မာနယ်စပ် ကြယ်ခေါင်မြို့ အထိ ပို့ဆောင်မည်ဖြစ်ပြီး တရုတ်မှ ကုန်တင်ယာဉ်များဖြင့် လာရောက်သယ်ဆောင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသို့ လှူဒါန်းသည့် ဆန်များသည် မိုးရာသီစပါးဈေးကျချိန်တွင် အစိုးရက အခြေခံညွှန်းဈေး တင်း ၁၀၀လျှင် ကျပ်၅သိန်းဖြင့် ဝယ်ယူစုဆောင်းထားသည့် စပါးများကို ကြိတ်ခွဲလှူဒါန်းခြင်းဖြစ်သည်။

Covid -19 ကြောင့် ၂၀၁၉ ဒီဇင်ဘာကစပြီး ရောဂါထိန်းချုပ်နိုင်ရေးအတွက် တရုတ်အစိုးရက နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခဲ့သည်။ ဟူပေပြည်နယ် ဝူဟန်ဒေသတွင် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှုများပြုလုပ်ခြင်း၊ ဒေသတွင်း နိုင်ငံများနှင့် သွားလာဆက်ဆံရေးကိုလည်း ထိန်းချုပ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ရိက္ခာလိုအပ်ချက် တစ်စိတ်တစ်ပိုင်းဖြည့်တင်းနိုင်ရန် ဆန်လှူဒါန်းခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးက ဆန်လှူဒါန်းရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စတာချန်းဟိုင်ထံ ဆန်တန်ချိန် ၂၀၀နှင့် လိုအပ်သည့် စာရွက်စာတမ်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly