ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် နှာခေါင်းစည်း မလိုဟု ပညာရှင်များ ပြော

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် နှာခေါင်းစည်း မလိုဟု ပညာရှင်များ ပြော

 မတ် ၂ 

တရုတ်ကနေ စတင်ဖြစ်ပွားခဲ့သော COVID-19 ကိုရိုနာဗိုင်းရပ်စ်သည် ယခုအခါ အမေရိကန်သို့လည်း ပျံ့နှံ့ရောက်ရှိနေနှင့်ပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၉ ရက်ကဆိုလျင် ယင်းနိုင်ငံတွင် အဆိုပါ ဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှုလည်း ဖြစ်ပေါ်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ထူးဆန်းသော အသစ်ဖြစ်သော ရောဂါနှင့်ပတ်သက်၍ လူ့သဘာဝအရ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ကာ ဗိုင်းရပ်စ် မကူးစက်နိုင်အောင် ကာကွယ်ရန် အသည်းအသန် လုပ်ဆောင်ခဲ့ကြသည်။ ယင်းအတွက်ကြောင့်လည်း လူအများအပြားသည် နှာခေါင်းစည်း (masks) များကို အသည်းအသန် ဝယ်ယူစုဆောင်းခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ကမ္ဘာတစ်ဝန်း နှာခေါင်းစည်း ပြတ်လပ်ရှားပါးမှု ဖြစ်နေစဉ် သင့်အနေဖြင့် ဝယ်ယူနိုင်သည့် အခြေအနေ ရှိခဲ့သည်ဆိုလျင်တောင်မှ ယင်းတို့ကို ဝယ်ယူသင့်သည်ဟု ထင်ပါသလား။

အဖြေက နိုး ဖြစ်သည်။

ထို့ပြင် အကယ်၍ သင့်ထံတွင် နှာခေါင်းစည်းများ ရှိနေသည်ဆိုလျင်လည်း သင်အပြင်ထွက်ချိန်တွင် ယင်းတို့ကို တပ်ပြီးသွားသင့်ပါသလား။

အဖြေက နိုး ဖြစ်သည်။

ယုစွအဆုံး သင့်ဘေးအိမ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေပြီ ဆိုလျင်တောင်မှ အဖြေက နိုးပင်ဖြစ်သည်။

သင့်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် surgical masks ၊ N95 masks ၊ respirator masks သို့မဟုတ် မည်သည့် နှာခေါင်းစည်းကိုမှ တပ်ဆင်ရန် မလိုအပ်ပေ။ သင့်အနေဖြင့် ယင်းတို့ကို မလိုအပ်သည့်အပြင် ယင်းတို့ကို မတပ်ဆင်သင့်ကြောင်း Iowa ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ ဆေးပညာနှင့် ကူးစက်ရောဂါကာကွယ်ရေးပညာရပ်ဆိုင်ရာ ပါမောက္ခ တစ်ဦးဖြစ်ပြီး ကူးစက်ရောဂါ ကာကွယ်ရေးအထူးကျွမ်းကျင်သူ Eli Perencevich က ပြောသည်။

“ကျန်းမာရေးကောင်းတဲ့ ပျမ်းမျှ လူသားတိုင်း နှာခေါင်းစည်း ရှိဖို့ မလိုပါဘူး၊ ဒါတွေကို မတပ်သင့်ပါဘူး၊ ကျန်းမာရေးကောင်းသူတွေမှာ နှာခေါင်းစည်းတပ်လို့လည်း ဒီဗိုင်းရပ်စ် ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားလည်း မရှိပါဘူး၊ ပြီးတော့ သူတို့အနေနဲ့ ဒီနှာခေါင်းစည်းတွေကို တပ်ပုံတပ်နည်း မမှန်ဘူးဆိုရင်တော့ ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ အန္တရာယ်တောင် များပါသေးတယ်၊ ဘာလို့ဆိုတော့ နှာခေါင်းစည်းတွေက မျက်နှာကို ပုံမှန်ထက် ပိုထိမိတာ များလို့လေ” ဆိုပြီး Dr Perencevich က ရှင်းပြသည်။

အကယ်၍ သင်နေထိုင်မကောင်းဖျားနာနေပြီဆိုမှသာ နှာခေါင်းစည်းကို တပ်သင့်သည်။

ကနဦး ပြောရလျင် နှာခေါင်းစည်းများကို ဝယ်ယူနေကြသူအများစုသည် ၎င်းတို့၏ ပါးစပ် သို့မဟုတ် နှာခေါင်းတွင်းသို့ ဗိုင်းရပ်စ်မရောက်ရှိအောင် တားဆီးပေးနိုင်သည့် နှာခေါင်းစည်းမျိုးကို ရရှိနေခြင်း မရှိပေ။ ကိုရိုနာဗိုင်းရပ်စ်က အရည်(အစက်ကလေး) များကနေ ကူးစက်ခြင်း ဖြစ်ပြီး လေကနေတဆင့် ကူးခြင်းမဟုတ်ပေ။ ယင်းအတွက်ကြောင့် ခွဲစိတ်ခန်းသုံံး နှာခေါင်းစည်းများသည်လည်း အကူအညီဖြစ်နိုင်မည်မဟုတ်ဟု ဆိုလိုရာ ရောက်သည်။

“ နှာခေါင်းစည်း တပ်ရမယ့် တစ်ခုတည်းသော အချိန်က ဖျားနာချိန်နဲ့ အဲဒီဖျားနေချိန်မှာ အိမ်ထဲကနေ အပြင်ထွက်ရမယ့်အချိန်ပဲ ဖြစ်ပါတယ်” ဟု Dr Perencevich က ပြောသည်။ “ တကယ်လို့ ကိုယ့်ဆီမှာ တုပ်ကွေး ဖြစ်နေတယ် ဒါမှမဟုတ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေတယ်လို့ ထင်နေတယ်ဆိုရင်တော့ တခြားသူတွေကို မကူးအောင် နှာခေါင်းစည်းတစ်ခုတော့ တပ်ရပါလိမ့်မယ်၊ ကိုယ့်အိမ်မှာဆိုရင်လည်း ကိုယ် နေမကောင်းသလို ဖြစ်နေပြီဆိုရင် နှာခေါင်းစည်း တပ်ထားသင့်ပါပြီ၊ ဒါမှသာ မိသားစုဝင်တွေကို မကူးအောင် ကာကွယ်ပေးနိုင်မှာပါ” ဟု ၎င်းက ပြောသည်။

အကယ်၍ သင့်အိမ်တွင် COVID-19 ကူးစက်ခံထားရသူတစ်ဦးကို ပြုစုစောင့်ရှောက်ပေးနေရပြီဆိုလျင် အဆိုပါ လူနာနှင့် နီးနီးကပ်ကပ် ဆက်ဆံရသည့်အချိန်တွင် နှာခေါင်းစည်း တပ်ထားသင့်သည်။ အဆိုပါ လူနာကိုယ်တိုင်သည်လည်း နှာခေါင်းစည်း တပ်ထားသင့်ကြောင်း Dr Perencevich  ပြောသည်။

COVID-19 ကိုယ့်ဆီ မကူးစက်အောင် အမှန်တကယ် ဘယ်လို ကာကွယ်နိုင်သလဲ။

ကိုရိုနာဗိုင်းရပ်စ် အမှန်တကယ် ကာကွယ်နိုင်မည့် အကောင်းဆုံးနည်းလမ်းက သင့်လက်များကို ဆပ်ပြာ၊ ရေတို့ဖြင့် ပုံမှန်  ဆေးကြောရန်သာ ဖြစ်သည်။ “ ကိုရိုနာဗိုင်းရပ်စ်က အလွှာလို ဟာမျိုးနဲ့ ဖုံံးပိတ်ထားတဲ့ ဗိုင်းရပ်စ်မျိုး ဖြစ်ပါတယ်၊ သူ့မှာ အပြင်ဘက် အဆီပုံစံအလွှာအမြှေးလေးတစ်ခု ရှိပါတယ်၊ တကယ်လို့ လက်ကို ဆပ်ပြာ၊ရေနဲ့ သေချာဆေးမယ်ဆိုရင် အဲဒီ ချောကျိကျိ အဆီ အလွှာကို အရည်ပျော်သွားစေပြီး ဗိုင်းရပ်စ်ကို သတ််လိုက်နိုင်ပါတယ်” ဟု Johns Hopkins တက္ကသိုလ်မှ ပါမောက္ခ Karen Fleming က တွစ်တာကနေတဆင့် ရှင်းပြထားသည်။

“ အစာ မစားခင်နဲ့ အစာ စားပြီးချိန်တို့မှာ လက်ကို ပုံမှန် သေချာ ဆေးရပါမယ်၊ ပြီးတော့ လက်နဲ့ မျက်နှာကို မထိမိစေဖို့ အလေ့အကျင်လုပ်ထားရပါမယ်၊ အထူးသဖြင့် ပါးစပ်၊ နှာခေါင်းတို့နဲ့ပေါ့” ဟု Dr Perencevich ကလည်း ပြောသည်။ အကယ်၍ ဆပ်ပြာ၊ ရေတို့နှင့် အလှမ်းဝေးသည်ဆိုလျင်လည်း လက်သန့်ဆေးရည် ဆောင်ထားသင့်သည်ဟု သိရသည်။ 

COVID-19 အတွက် ပြင်ဆင်ရန် သင် ဘာတွေ လုပ်ထားသင့်သလဲ။

သင့်အနေဖြင့် နှာခေါင်းစည်းများ ဝယ်ယူမထားသင့်သလို သင့်မြိုတွင် ဒီ ဗိုင်းရပ်စ် ဖြစ်ပွားလာပါက အဆင်သင့်ဖြစ်နေစေရန် ကြိုတင်ကာကွယ်ပြင်ဆင်ထားနိုင်သည့် အရာများလည်း ရှိသည်။ ပထမဦးစွာ သင့်အတွက် လိုအပ်မည့် ဆေးဝါးပစ္စည်းများကို သုံးလေးပတ်စာ လုံလောက်အောင် စုဆောင်းထားပါ။ ယင်းသို့ စုဆောင်းထားပါက သင်လိုအပ်ချိန်တွင် ပြတ်လပ်ခြင်းမရှိတော့သလို အဆင့်သင့် ရရှိမည်ဖြစ်ကြောင်း Dr Perencevich က ပြောသည်။ အကယ်၍ စာသင်ကျောင်းများ ပိတ်လိုက်လို့ ကလေးများလည်း ကျောင်းမသွားနိုင်တော့ဘူးဆိုပါက အဆင်သင့် နေထိုင်စားသောက်နိုင်ရန် လိုအပ်သည့် အစားအသောက်နှင့် အခြားပစ္စည်းများလည်း ကြိုတင်စုဆောင်းထားသင့်သည်။ ရောဂါဖြစ်ပွားမှု ဘေးအတွက်သာမက ရာသီဥတုနှင့် အခြားသဘာဝဘေးတို့အတွက်ပါ ထည့်တွက်ပြီး မည်သည့် အရေးပေါ်အခြေအနေအတွက်မဆို ပြင်ဆင်ထားသင့်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required