လွှတ်တော်အမတ်သေဆုံးခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဟုတ်ဟု အီရန် တာဝန်ရှိသူများ ပြော

လွှတ်တော်အမတ်သေဆုံးခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဟုတ်ဟု အီရန် တာဝန်ရှိသူများ ပြော

နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း မြင့်တက်နေစဉ်ကာလအတွင်း လွှတ်တော်အမတ်တစ်ဦး တုပ်ကွေးကြောင့် ကွယ်လွန်သွားခဲ့ကြောင်း အီရန် သတင်းအေဂျင်စီများက ဖော်ပြသည်။

Astana Ashrafieh မဲဆန္ဒနယ်အတွက် ရွေးကောက်ခံထားရသည့် ကိုယ်စားလှယ် Mohammad Ali Ramazani Dastak သည် တုပ်ကွေးရောဂါအပြင် အီရန်-အီရတ်စစ်ပွဲအတွင်းက ရရှိထားခဲ့ဖူးသည့် ဓာတုပစ္စည်းကြောင့် ဖြစ်သည့်  ထိခိုက်ဒဏ်ရာများကြောင့် ဆေးရုံတက်ခဲ့ရကြောင်း ISNA သတင်းဌာနက ဖော်ပြသည်။

ကနဦးပိုင်းက ၎င်းသည် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လွှတ်တော်အမတ်ငါးဦးအနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်း အီရန် မီဒီယာတချို့က ဖော်ပြခဲ့သည်။

သို့သော် ယင်းနောက်ပိုင်း တာဝန်ရှိသူများက အဆိုပါ ဖော်ပြချက်များကို ငြင်းဆန်ပယ်ချသွားခဲ့ပြီး ၎င်းလွှတ်တော်အမတ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံထားရဟု ဆိုသည်။

Mr Ramazani သည် အသက်ရှုလမ်းကြောင်းနှင့် အဆုတ် ရောဂါ ခံစားခဲ့ရခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂၉ ရက်မနက်ပိုင်းက ကွယ်လွန်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၄၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၅၉၃ ဦး ကူးစက်ခံထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယမန်နေ့ကလည်း ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂၁၀ ဦးထက်မနည်း သေဆုံးသည်ဟု ဆေးရုံသတင်းရင်းမြစ်များက ပြောကြောင်း BBC က သတင်းတစ်ပုဒ် ဖော်ပြခဲ့သေးသည်။ အီရန် ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ထားသော သေဆုုံးစာရင်းသည် ၄၃ ဦးသာ ဖြစ်သည်။

ထို့ပြင် ယင်းနိုင်ငံ၏ အာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဖုံးဖိမှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲခံထားရသကဲ့သို့ သတင်းအချက်အလက်များ ဝေမျှမှုအပိုင်းတွင် အားနည်းသည့်အတွက် စိုးရိမ်ပူပန်ကြောင်း အမေရိကန်ကလည်း ထုတ်ဖော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required