မြေယာပြဿနာသည် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေဟု ဦးကိုကိုကြီးပြော

မြေယာပြဿနာသည် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေဟု ဦးကိုကိုကြီးပြော

ရန်ကုန်၊ အောက်တိုဘာ ၃၀ ။             ။ မြေယာသိမ်းစည်းခံရမှု ပြဿနာများသည် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရပြီး တက်လာမည့် အစိုးရအတွက် မီးမောင်းထိုးပြရမည့် ကိစ္စအဖြစ် ရှိနေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း ထိခိုက်လာနေကြောင်း အောက်တိုဘာ ၂၉ရက်က ပြုလုပ်သည့်  ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ တောင်ယာခင်းနှင့် သွေးချင်း မျက်ရည် မြေယာပြဿနာများဆိုင်ရာ အကြံပြုစာတမ်း ထုတ်ပြန်သည့် ပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကပြောသည်။

“လာမယ့် လွှတ်တေ်ာကိုယ်စားလှယ်အသစ် ကျပ်ချွတ်များကလည်း ပြဿနာအဟောင်းတွေကိုပဲ ဆက်ကိုင်ရမှာပါ။ ပြဿနာအဟောင်းတွေရဲ့ လေးနက်မှုကိုပြောရင် တစ်ဦးချင်းထိခိုက်မှုတွေထက် ပိုဆိုးတဲ့လေးနက်တဲ့ကိစ္စက ဘာလဲဆိုတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပါတယ်။

ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စုကိုတည်ထောင်ဖို့ သဘာဝအရင်းအမြစ်တွေကို စီမံခန့်ခွဲဖို့ ပြည်နယ်တွေ တိုင်းရင်းသားတွေကို ခွဲဝေပြီး ကျင့်သုံးဖို့ပြောနေတဲ့အချိန်မှာ အဲ့ဒီပြေလည်မှုက ဘယ်တော့ရမလဲမသိဘူး၊ အဲ့ဒီ့ပြေလည်မှု ရောက်သွားပြီဆိုပါစို့။ အဲ့ဒီ့အချိန်ကျမှ လက်လွတ်ခြေလွန်လုပ်ထားတဲ့ ပြဿနာတွေက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့နေရာမှာပါ အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။” ဟု ဦးကိုကိုကြီးကပြောသည်။

တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်စာတမ်းတွင် ပြည်နယ်၇ခုမှ မြေသိမ်းမှုဆိုင်ရာ ပြဿနာပေါင်းတစ်ထောင်ကျော်ကို အခြေခံကာ ပြုစုထားခြင်းဖြစ်သည်။ စာတမ်းပြုစုရာမှ တွေ့ရှိသော သုံးသပ်ချက် (၇)ချက်တွင်မြေယာပိုင်ဆိုင်ခွင့်နှင့် သယံဇာတ စီမံခန့်ခွဲပိုင်ခွင့်ဆိုင်ရာ မတရားမှု၊ မမျှတမှုများကြောင့် လယ်မဲ့ယာမဲ့ဖြင့်တနိုင်တပိုင်ဝမ်းစာရှာနိုင်သော အခွင့်အလမ်းများ ပျောက်ဆုံးကုန်ပြီး၊ တိုင်းရင်းသား လူမျိုးများအကြား မယုံကြည်မှုနှင့် စိတ်ဝမ်းကွဲမှုများကို ဖြစ်ပေါ်စေကာ ပြည်တွင်းစစ်ကို တနည်းတဖုံ တွန်းအားပေးနေကြောင်း ပါရှိသည်။

“ကျွန်တော်တို့အချင်းချင်းမှာ ဒါဟာရှမ်းနီမြေ၊ ဒါဟာကချင်မြေလို့ ငြင်းနေတုန်းမှာပဲ တကယ့်အချက်အခြာကျတဲ့ မြေတွေက ရှမ်းနီလက်ထဲမှာရော၊ ကချင်လက်ထဲမှာပါမရှိတော့ဘဲ ရှမ်းလည်းမဟုတ်၊ ကချင်လည်းမဟုတ်တဲ့ လူတွေလက်ထဲမှာ သိမ်းသွားပြီ၊ ဝယ်သွားပြီ၊ ပါသွားပြီဆိုတာမျိုးဖြစ်နေတယ်။ ဒါဟာတကယ့်လက်တွေ့ ပြဿနာပါ။”ဟု ဦးကိုကိုကြီးက ဆက်ပြောသည်။

ယခုစာတမ်းအရ တိုင်းရင်းသားဒေသများတွင် မြေသိမ်းမှုများအား စစ်တပ်မှ အများဆုံးသိမ်းယူထားခြင်း ဖြစ်ကြောင်းသိရသည်။

“မြေယာပြဿနာနဲ့ ပြည်တွင်းစစ်က ဆက်စပ်မှုရှိနေတာကို လေ့လာတွေ့ရှိရပါတယ်။” ဟု ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာနမှ တာဝန်ခံ ဦးထွန်းမြင့်အောင်ကပြောသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “ဒီစာတမ်းမှာ မြေယာဥပဒေတွေဟာ လိုသလိုယူလို့ရနေတာတွေ အများကြီးရှိနေတယ် ဆိုတာပြတယ်၊ နောက်ပြီးတော့ ထုံးစံအတိုင်းဥပဒေမှာ ဘယ်လိုပဲရှိထားရှိထား၊ အာဏာသုံးရပ်ရှိတဲ့သူတွေက အမြဲတမ်းသာနေတယ်ဆိုတာပြတယ်။ အာဏာသုံးရပ်ထဲမှာမှ လက်နက်ရှိတဲ့သူတွေက အသာစီးအရဆုံးဆိုတာ ဒီမှာတွေ့နိုင်ပါလိမ့်မယ်။” ဟုဆိုသည်။

မြေယာပြဿနာများကို ဖြေရှင်းရန်လွှတ်တေ်ာရေးရာကော်မတီများ၊ အစိုးရဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လယ်သမားများ သက်ဆိုင်ရာပညာရှင်များ စုံညီပါဝင်သည့် ဖြေရှင်းရေးယန္တရား တရပ်ကို အမြန်ဆုံးတည်ဆောက်သင့်ကြောင်း တိုက်တွန်းထားသည်ကိုလည်းတွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly